ပြေးသွားပေမယ့်မမှီလိုက်။ တစ်ဖက်ကားက အမြန်ဘရိတ်အုပ်လိုက်တာမို့ ကံကောင်း၍ထိတယ်ဆိုရုံလေး။ လဲကျသွားသူကို အမြန်ဆွဲထူကာလမ်းဘေးသို့ခေါ်လာလိုက်ပြီး
"အ့ အားနာသွားပြီ။ လှိုင်းကိုယ့်ခြေထောက်နဲ့လက်နဲ့နာသွားပြီ"
"ကျွန်တော် ငြိမ်ငြိမ်လေးရပ်နေဖို့မှာခဲ့တယ်လေဗျာ"
"ကိုယ်မှမသိတာလှိုင်းရယ်။ ကိုယ့်မျက်စိထဲလှိုင်းက ရှေ့ကသွားနေတာမြင်တော့ လိုက်မိတာပေါ့"
"အဲ့တာသေမင်းပဲနေမှာ ခင်ဗျားကိုခေါ်ချင်လို့ သက်သက်ဟန်ဆောင်နေတာသိလား။ ကံကောင်းလို့ပေါ့ဗျာ"
"အဆင်ပြေလား ငါဝိုင်းတွဲပေးမယ်"
ကားဆရာကြီးမှ ဆင်းလာကာကူညီပေး၍ ကားပေါ်ရောက်သွားသည်။ ဆေးခန်းသွားမည်ဆိုတာ ပို့မရ အိမ်ကိုချည်းမောင်ခိုင်းနေသူ။
"ဖြေးဖြေးဆင်း ရပ်လို့ရတယ်မလား"
"ရပါတယ်လှိုင်းရဲ့ မနာပါဘူးဆိုကွာ"
လက်ဒဏ်ရာကသွေးတို့ထွက်၍ အတော်ထိသွားပုံပေါ်သည်။ ခြေထောက်ကတော့ လျှောက်လို့ရပေမယ့် နာနေမယ်ဆိုတာတော့သေချာ၏။ အနည်းငယ်ထိန်းပေးလို့ သူ့ရဲ့တိုက်ခန်းထဲဝင်လာခဲ့လိုက်သည်။
"ဒုက္ခပဲ ဓာတ်လှေကားယာယီပြုပြင်နေတယ်တဲ့"
"လှေကားကနေသွားကြမယ်လေ"
"အကိုအဆင်ပြေလို့လား"
"လက်လေးပဲနည်းနည်းနာတာ ဘာမှမဖြစ်ဘူး ဟုတ်ပြီလား။ ပြီးတော့နေရာက ဒုတိယအထပ်တင်"
"အင်း"
သူပြောသလိုအဆင်ပြေပြေတက်နိုင်ပေမယ့် လက်ကဒဏ်ရာကတော့ ထိလို့တောင်မရပုံ။ ဒီတိုင်းဆို ရောက်ရင်ဆေးထည့်ပေးပြီးမှပြန်ရမယ်ထင်တယ်။
"ဝင်လာခဲ့ အကိုတစ်ယောက်တည်းနေတာ ဘယ်သူမှမရှိဘူး"
"အဲ့ဒါထားပါဗျာ။ ဆေးဘူးတွေယူခဲ့ဆေးထည့်ပေးမယ်"
"လှိုင်းကလည်း"
"ယူခဲ့လို့ဆို"
"ဟုတ်"
ဆူပုတ်ပုတ်နဲ့ ဟိုနေရာစမ်းဒီနေရာစမ်းလို့ ရှာကာဆေးသေတ္တာကို ယူလာသည်။