ကျောင်း ဝင်ပေါက်ရဲ့ ဘေးမှာ သွန်းနေခြည်တို့ ဆိုင်ကယ်ကိုရပ်လိုက်ပြီး မထွက်လာသေး သူများကိုစောင့်ရင်း သူမရဲ့ စာအုပ်များကို ဆိုင်ကယ်ဘောက်ထဲ ထည့်လိုက်တယ်။
ယခု သူမက သူမအတန်းမှ သူငယ်ချင်းများ၏ အတင်းခေါ်ယူမှုကြောင့် ရုပ်ရှင်ကြည့်သွားရန် ပါလာခြင်းဖြစ်တယ်။
"နေခြည် နင့်စာအုပ်တွေအဆောင်မှာအရင်သွားထားလိုက်လေ"
စာအုပ်များအား ဆိုင်ကယ်ဘောက်ထဲ မဆံ့မပြဲထိုးထည့်နေသော သွန်းနေခြည်ကို ကြည့်ပြီး ရွှေရတီဦး အကြံပေးလိုက်တယ်။
"မထားတော့ဘူး ဆံ့တယ်"
"ငါ့အမြင်မှာတော့ မဆံ့ပါဘူး။ သွားထားလိုက်စမ်းပါ။ ဘာလဲ အဆောင်ကိုမပြန်ချင်လို့လား?"
သွန်းနေခြည်မှာတော့ သူမရဲ့ စာအုပ်များကို ဘောက်ထဲထည့်ပြီး ပြန်ပိတ်ဖို့ကြိုးစားနေရင်း အလုပ်ရှုပ်နေတာကြောင့် ရွှေရတီဦးရဲ့ စကားများကို မတုံ့ပြန်အားနေခဲ့ဘူး။ သူမစိတ်ထဲမှ စာအုပ်များကို ကျောင်းခန်းထဲမထားခဲ့တာကိုလည်း နောင်တရနေခဲ့တယ်။
သူမက ထိုသို့ ဂရုမစိုက်တာကြောင့် ရွှေရတီဦးက သူမစိတ်ထဲရှိတာများကို ဇွတ်ပြောချတော့တယ်။
သူမတို့က အလယ်တန်းကတည်းက အတူတူကျောင်းတက်လာသူတွေမို့ ပြောမနာဆိုမနာကို ရင်းနှီသူတွေပင်။"ငါထင်တာ နင့်အခန်းဖော်က တော်တော်အချိုးမပြေတဲ့ပုံဘဲ။ ငါနင်နဲ့ ဂိမ်းတူတူတိုက်တိုင်း သူ့အသံကြီးဘဲ ကြားနေရတာ။ အဲ့ဒါကြောင့်ပြောတာ အဆောင်မှာသွားမနေနဲ့လို့။ တကယ်လို့ နင်အဆင်မပြေဘူးဆို ငါနဲ့ တူတူလာနေလိုက် အခန်းကလည်း"
"ငါအဆောင်မှာ နေရတာ အဆင်ပြေတယ်"
သွန်းနေခြည် သူမဆိုင်ကယ်ဘောက်လည်း ပိတ်လို့ရသွားပြီး ဖြစ်ကာ သူမရဲ့ အခန်းဖော်အကြောင်းပါ ပါလာပြီဖြစ်တာကြောင့် ရွှေရတီဦးကို မကျေမနပ် ပြန်ချေပလိုက်တယ်။
ရွှေရတီဦးမှာ သူမဦးလေးပိုင်သော မိသားစု ၄ယောက်လောက် နေနိုင်အောင်ကျယ်သောတိုက်ခန်းတွင် နေတယ်။ ထို့ကြောင့် အခွင့်အရေးရရင်ရသလို သွန်းနေခြည်ကို သူမနှင့်အတူလာနေရန် တိုက်တွန်းတတ်တယ်။