ဆေးရုံက ထွက်လာပြီးနောက်မှာ စိတ်နဲ့လူ မကပ်တော့တဲ့ ရွှေရတီဦးက အိမ်ကို မပြန်ဘဲ K မြို့ဘက်ကို ဦးတည်ပြီး ဆိုင်ကယ်ကို မောင်းလာခဲ့တယ်။
သူမလမ်းမှာ နေ့လယ်စာ စားတာကလွဲပြီး တစ်နေရ မှာမှ မနားဘဲ ဖြေးဖြေးမှန်မှန် တောက်လျှောက်မောင်းလာတာကြောင့် ညနေ ၄နာရီလောက်မှာတော့ သူမက K မြို့ကို ရောက်လာတယ်။အဲ့အချိန်မှာ ကောင်းကင်ကြီးကလည်း တရိပ်ရိပ် တက်လာတဲ့ မိုးသားတွေကြောင့် ကြည်လင်မနေဘဲ မှောင်မည်းနေတယ်။ ထိုနည်းတူစွာ သူမရဲ့ စိတ်တွေကလည်း ကြည်လင် မနေခဲ့ဘူး။
သူမက ဆိုင်ကယ်ကို ဖြေးဖြေးမှန်မှန်မောင်းလာရင်းက ကုန်စုံဆိုင်တစ်ဆိုင်ကို မြင်တော့ ဆိုင်ကယ်ကို ရပ်လိုက်မိတယ်။ သူမက ရုတ်တရက် တစ်စုံတစ်ခုကို စိတ်ကူးပေါက်သွားတယ်လေ။
သူမ ဆိုင်ထဲဝင်ပြီး ဘီယာတစ်ကဒ်၊ အသင့်စားကြက်ပေါင်တွေနဲ့ အမဲသားချောင်းတွေ ဝယ်လိုက်တယ်။ ပြီးတော့ သူမက ဆိုင်ကယ်ကို တိုက်ခန်းဘက် မောင်းလာတော့တယ်။ ဒီည သူမ တစ်ယောက်ထဲ ဘီယာသောက်ဖို့ စိတ်ကူးထားခဲ့တယ်လေ။
ဒါပေမဲ့ တိုက်ခန်းကို ရောက်သွားတော့ သူမအထဲကို ဝင်လို့မရဘူး။ သူမက အဆောင်က အခန်းသော့နဲ့ တိုက်ခန်းသော့ကို မှားလာပြီး သူမမှာ အဆောင်ခန်းသော့သာရှိနေတယ်။
"ဟင်းးး "
ရွှေရတီဦးက သက်ပြင်းချပြီး အခန်းရှေ့မှာ စိတ်ပျက်လက်ပျက် ထိုင်ချလိုက်တော့တယ်။
အခု သူမကိုယ်သူမ အသုံးမကျတဲ့ လူတစ်ယောက်လိုခံစားနေရတယ်လေ။သူမအမေက အသတ်ခံရပါတယ်လို့ သူမ ယုံကြည်နေပေမဲ့လည်း သူမမှာ ငယ်ဘဝကမှတ်ညာဏ်ကလွဲပြီး ဘာသက်သေမှ မရှိဘူး။ ပြီးတော့ စုံစမ်းဖို့ဆိုရင်တာလည်း ဘာသဲလွန်စမှကို သူမမှာ ရှိမနေဘူး။
ခုတော့ ဘာမှန်း သေချာ မသိတဲ့ အရာကိုပါ ယုံကြည်ပြီး မဟုတ်တာတွေလည်း လျှောက်လုပ်မိနေသေးတယ်။
"ငါက တကယ် စောက်သုံးမကျတဲ့သူဘဲ"
ရွှေရတီဦး ရေရွတ်လိုက်ရင်း ဆံပင်ကို ခပ်ကြမ်းကြမ်း ဆွဲဆုတ်ပစ်တယ်။
ပြီးတော့ မျက်နှာကို ဒူးနှစ်ခုကြား အပ်ကာ ဖွက်ထားပြီး တစ်ယောက်ထဲ အသံတိတ်ငိုကြွေးလိုက်မိတယ်။ ဘာလုပ်လို့ ဘာကိုင်ရမှန်း သူမ တကယ်မသိတော့ဘူး။