ညှို့ အခန်းထဲမှာ ထိုင်နေရင်း အတွေးထဲနစ်မြောနေခဲ့တယ်။ သူ့ကို ထို message ပို့လာတာ ဘယ်သူဖြစ်မလဲဆိုတာကို သူစဥ်းစားနေမိတယ်။ သူ့အမေကတော့ မဟုတ်နိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ သူ့အမေက ဒီနေ့မနက်မှ နိုင်ငံခြားမှ ပြန်ရောက်ခဲ့တာလေ။
"ရွှေရတီဦးလည်း ဒီနေ့မှ အိမ်ပြန်လာတာဘဲ ဘာလို့ပါလိမ့်"
ညှို့ အသံထွက်ကာ ခပ်နိုးတိုးရေရွတ်လိုက်တယ်။
သူနေ့လယ်က ရွှေရတီဦး အိမ်ပြန်လာတာကို တွေ့လိုက်တယ်။ သူမ ပြန်လာတာကို သူ့အခန်းထဲက ပြတင်းပေါက်ကနေ လှမ်းမြင်လိုက်တယ်လေ။ထိုအချိန်မှာဘဲ-
ဒေါက်. ဒေါက်. ဒေါက်.
တံခါးခေါက်သံနဲ့အတူ အခန်းတံခါးက ပွင့်သွားပြီးသူ့ရဲ့အမေသွဲ့က အခန်းထဲ ဝင်လာခဲ့တယ်။
ညှို့ အိပ်နေရာမှ ထထိုင်လိုက်တယ်။သူ့ရဲ့အမေက သူ့ကို ပြုံးပြရင်း အနားမှာ လာဝင်ထိုင်တယ်။ ညှို့က သူ့ရဲ့အမေကို မသိမသာ အကဲခတ်နေမိတယ်။ တကယ်တော့ သူ့ရဲ့အမေကလည်း သူ့ကို မသိမသာ အကဲခတ်နေခဲ့တယ်လေ။
"နောက်ဆုံးတော့ အိမ်ပြန်လာပီဘဲ"
သူ့အမေရဲ့ စကားကို ညှို့ မတုံ့ပြန်မိဘူး။ သားအမိနှစ်ယောက် ဘာမှ မပြောဘဲ တော်တော်ကြာအောင် ထိုင်နေခဲ့မိကြတယ်။
ထိုထိုင်နေတဲ့ အချိန်တွင်းမှာ ဒေါ်သွဲ့က သူမသားဆီမှ မေးခွန်းတစ်ခုခု ထွက်လာမလားလို့ စိုးရိမ်နေခဲ့တယ်။ ဒါပေမဲ့ တော်တော်ကြာတဲ့အထိ သူမသားဆီမှ ဘာမေးခွန်းမှ ထွက်မလာဘူး။ ထိုခါမှ ဒေါ်သွဲ့ တိတ်တခိုး သက်ပျင်းချမိတယ်။
ညှို့ကလည်း သူ့အမေကို တစ်ချိန်လုံး မသိမသာ အကဲခတ်နေသူမို့ သူ့အမေ သက်ပြင်းချလိုက်တာကို မြင်ဖြစ်အောင်မြင်လိုက်သေးတယ်။
"အခန်းထဲအောင်းပြီး ထိုင်မနေနဲ့တော့ ထမင်းသွားစားစို့ ညနေစောင်းနေပြီ"
ပြောရင်း ဒေါ်သွဲ့ နေရာမှ ထကာ တံခါးဘက်ကို လျှောက်သွားလိုက်တယ်။