"ဒီည အဆောင်ပြန်လာမှာမလား"
စာသင်ဆောင်ရှေ့မှာ ဆိုင်ကယ်ပေါ်က ဆင်းလိုက်ရင်း သွန်းနေခြည်ကို အိမ့်နဒီ မေးလိုက်တယ်။
သွန်း; "မသိသေးဘူး"
သွန်းနေခြည်က ထိုတစ်ခွန်းသာပြောပြီး ဆိုင်ကယ်ကို မောင်းထွက်သွားခဲ့တယ်။
ဒါကြောင့် အိမ့်နဒီလည်း စူပုတ်စွာနဲ့ စာသင်ဆောင်ပေါ်တက်လာလိုက်တယ်။
သူမက ကံကောင်းတာလား၊ ဆိုးတာလားမသိ အချိန်ပြောင်းချိန်မှာ ရောက်သွားတယ်။ အခန်းပေါက်ဝလည်းရောက် ဆရာမကလည်း အထွက်နဲ့ မျက်နှာချင်းဆိုင်ပင်။"အိမ့်နဒီ ဘယ်တွေသွားနေတာလဲ"
ဆရာမရဲ့အမေးကို အိမ့်နဒီ မတုံ့ပြန်ပဲ ခေါင်းလေးကုတ်ကာ ကိုးရို့ကားယား ရီပြလိုက်တယ်။ ထိုအခါမှ ဆရာမက ခေါင်းကို ဒုတ်ခနဲ ခပ်ဖွဖွ ခေါက်လိုက်ပြီး "နောက်တစ်ခါ အတန်းချိန်မလစ်နဲ့" လို့ ပြောပြီး ထွက်သွားခဲ့တယ်။
အခန်းထဲဝင်လိုက်တော့ လူတိုင်းရဲ့မျက်လုံးက သူမဆီရောက်နေခဲ့တယ်။ သူမ ဘာလဲဆိုပြီး အသံမထွက်ပဲ ပါးစပ်လှုပ်ပြလိုက်တယ်။ အခန်းထဲမှာလူလည်းနည်းပြီး လူတိုင်းက ရင်းနှီးနေတာမို့ သူမထိုသို့မျက်နှာပြောင်တိုက်လိုက်ပုံက အားလုံးအတွက် ပုံမှန်ပင်ဖြစ်တယ်။
အိမ့်နဒီလည်း အခန်းထဲ ဝင်ပြီးတာနဲ့ နေလယ်နားချိန်ကလွဲပြီး ပျင်းစရာကောင်းလောက်အောင် ဆက်တိုက်အတန်းချိန်တွေရှိနေခဲ့တယ်။
ညနေပိုင်း စာသင်ချိန်ပြီးသွားတော့ ၄နာရီထိုးနေခဲ့ပြီ။ ဒါတောင် မဆင်းသေးပဲ ဆရာမက အချိန်ပိုယူလိုက်တာကြောင့် ၄နာရီခွဲသွားခဲ့တယ်။
အတန်းဆင်းပေးလိုက်တာနဲ့ အိမ့်နဒီ လွယ်အိတ်ကို ကောက်လွယ်လိုက်ပြီး အောက်ဆင်းလာခဲ့တယ်။
"အိမ့်"
စိတ်နဲ့ကိုယ်မကပ်ပဲ တရွေ့ရွေ့လျှောက်လာတဲ့ အိမ့်နဒီ တစ်ယောက် သူမနာမည်ကို ခေါ်လိုက်တာကြောင့် လန့်ဖြန့်ပြီး မော့ကြည့်မိတယ်။ သူမရှေ့မှာရပ်နေတဲ့ ချစ်လွန်းသူကြောင့် အိမ့်နဒီရဲ့ မျက်နှာထားက ချက်ချင်းတင်းမာသွားတယ်။