"ဒါကတော့ ငါလည်းမသိဘူးလေ နင့်အမေမှ ငါဖြစ်စေချင်တဲ့အတိုင်း မသေသေးတာ"
ရွှေရတီဦး ခဏလေးတောင် တုံ့ဆိုင်းမနေဘဲ ချက်ချင်းပြန်တုံ့ပြန်လိုက်တယ်။ သူမစကားကြောင့် စာပွဲဝိုင်းကလူတွေအားလုံးက အံ့ဩစွာ ဆွံအသွားပြီး သူမကိုကြည့်လာကြတယ်။
ပတ်ဝန်းကျင်လေထုကလည်း ပြောင်းလဲသွားပြီး အနေခက်စရာ ဖြစ်လာတယ်။
ဒါပေမဲ့ သူမကတော့ တည်ငြိမ်နေပြီး ဂရုစိုက်ပုံ မပေါ်ဘူး။ ထိုအချိန်မှာ-"ဒီဂိမ်းက နည်းနည်း ပျင်းစရာကောင်းသလိုဘဲ တခြားဟာပြောင်းဆော့ရအောင်လေ"
ဝင်ပြောလိုက်သူမှာ စိုင်းလင်္ကာပင်။ ထိုစကားကို စိုးယုစံကလည်း ထောက်ခံတယ်။
ဒါကြောင့် သူမတို့တွေ တခြား ဂိမ်းကို ပြောင်းဆော့ခဲ့ကြတယ်။..........
အိမ့်နဒီရဲ့ မွေးနေ့ပြီးနောက် သိပ်မကြာခင်မှာဘဲ စာမေးပွဲအတွက် ကျူရှင်တွေ စဖွင့်ခဲ့တယ်။ သူမတို့တွေလည်း စာနဲ့ဘဲ နပမ်းလုံးနေကာ စာမေးပွဲအတွက်ပြင်ဆင်ခဲ့ကြတယ်။
အိမ့်နဒီနဲ့ စိုးယုစံကတော့ စာကို အသဲအသန်ကြိုးစားကြတယ်။ သူမတို့နှစ်ယောက်က ရည်ရွယ်ချက်ကြီးမားသူတွေ ဖြစ်တာကြောင့် စာကြိုးစားရမယ်လေ။
သွန်းနေခြည်နဲ့ ရွှေရတီဦးကတော့ အားသိပ်မစိုက်ဘဲ ပုံမှန်သာလုပ်ကြပြီး တစ်ခါတလေ ဂိမ်းပင်တိုက်နေလိုက်ကြပေသေးတယ်။
"ဟက်ချိုး"
နှာချေလျက် အခန်းထဲဝင်လာသူမှာ အိမ့်နဒီပင်။
သူမမျက်နှာက ဖြူဖျော့နေပြီး မျက်ခုံးကိုလည်း ရှုံ့ထားသေးတယ်။ သူမက ကုတ်ကုတ် ကုတ်ကုတ်နဲ့ ကုတင်ပေါ်ကို တက်ကာ ဝင်ခွေတယ်။သူမရဲ့ ပုံစံကြောင့် သွန်းနေခြည် စိတ်ပူလာတယ်။
သွန်း: "အိမ့် နေမကောင်းဘူးလား"
မေးရင်း တစ်ချိန်တည်းမှာဘဲ အိမ့်နဒီရဲ့ အနားကို သွားကာ နဖူးကို စမ်းလိုက်တယ်။ အိမ့်နဒီက လက်ကို ခါပြပြီး-