"မိန်းကလေးဖြစ်ပြီး ဘယ်လိုပုံစံဖြစ်နေတာလဲ ကိုယ့်ကို မှန်ပြန်ထောင်ကြည့်အုံး
ဆံပင်ကရော ဘယ်ရောက်သွားတာလဲ မိန်းကလေးက မိန်းကလေးလိုမနေဘူး လူကြားထဲမှာ ဒါငါ့သမီးပါလို့ပြောရမှာတောင် ရှက်စရာကောင်းတယ်"လူသုံးယောက်သာရှိတဲ့ သီးသန့်ခန်း တစ်ခုထဲမှာ ဦးနေမင်းရဲ့ အလိုမကျစွာ အပြစ်တင်နေတဲ့အသံကပျံ့လွင့် နေခဲ့တယ်။
မွေးနေ့ကိတ်ကလည်း ခုထိ ခွဲရမဲ့ပုံ မပေါ်သေး။မွေးနေ့ရှင် နေဝန်းကတော့ သနားဖွယ်ရာ။
လွန်ခဲ့တဲ့ သုံးနှစ်ကတည်းက သူ့ရဲ့မွေးနေ့က အဖေက အမကို ပြောဆိုဖို့ လုပ်သလိုဖြစ်နေတယ်။နေဝန်းက စိတ်ညစ်နေပေမဲ့ သွန်းနေခြည်ကတော့ ဘာမှ မခံစားရသလို တည်တည်ငြိမ်ငြိမ် ထိုင်နေခဲ့တယ်။
သူမအတွက် ငယ်ငယ်ကတည်းက မိန်းကလေးဆိုတာ ဘယ်လိုဖြစ်ရမယ်ဆိုတဲ့ သူမအဖေရဲ့စည်းကမ်းချက်တွေက ကြားရပါများလွန်းလို့ ထိုစည်းကမ်းတွေက သူမအဖေရဲ့ စကားမျှသာဖြစ်နေခဲ့ပြီ။
ငယ်ငယ်ကတော့ သူမထိုပုံစံခွက်နဲ့ ခွင်ကျအောင်ကြိုးစားခဲ့ဖူးပေမဲ့ သူမအတွက်မဖြစ်နိုင်ခဲ့ဘူး။
မိန်းကလေးမဆန်တာက သူမအပြစ်မှ မဟုတ်ဘဲ။
သူမက မိန်းကလေးမဆန်သလို့ ယောက်ျားလေးတစ်ယောက်လည်း ဖြစ်ချင်နေတာလည်း မဟုတ်ဘူး။
သူမက ဒီတိုင်း မိန်းကလေး မဆန်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်နေခဲ့တာ။သူမအဖေက ထိုအရာကို လက်မခံဘဲ စည်းကမ်းမျိုးစုံနဲ့ သူမကို သူလိုချင်တဲ့ သမီးမိန်းကလေးပုံစံမျိုး ပုံသွင်းချင်ခဲ့တယ်။
အချိန်ကြာလာတာနဲ့အမျှ ထိုစည်းမျဥ်းဘောင်တွေအတွင်းမှာ သူမ မနေနိုင်တော့ဘူး။ ဒါကြောင့် သူမကို နားလည်မပေးနိုင်တဲ့ သူမအဖေဆီက ထွက်လာခဲ့ခြင်းပင်။
သူမ ထွက်လာပြီးနောက်မှာ အဖေနဲ့လည်း မတွေ့ဖြစ်တော့ဘူး။ ဒါပေမဲ့ သူမအဖေက ၁နှစ်မှာ တစ်ခါလောက်သာ တွေ့ရတဲ့ ဒီလိုအချိန်နည်းနည်းလေးမှာတောင် ထိုစကားတွေကို သူမကို ပြောနေခဲ့တယ်။