-ရှင်က ဘယ်သူလဲ?
-ဒါတွေကို ဘယ်ကရတာ?
-ကျွန်မ အမေအကြောင်းရော ဘယ်လိုသိတာလဲ?
-စာတွေကို ဝင်ကြည့်နေရဲ့သားနဲ့ ဘာလို့ စာမပြန်တာလဲ စာပြန်ပါ
ရွှေရတီဦး စာတွေကို တောက်လျှောက် ပို့နေပေမဲ့ စာက ပြန်မလာဘူး။
ဆက်ပြီးလည်း သူမ ၁၁နာရီထိုးတဲ့ အထိ အရူးလိုမျိုး စာတွေတောက်လျှောက်ပို့နေခဲ့တယ်။"အရူးလို လုပ်မနေဘဲ အိပ်တော့"
ဘယ်ချိန်ကတည်းက သူမနားကို ရောက်နေမှန်း မသိတဲ့ စိုးယုစံက သူမ လက်ထဲက ဖုန်းကို ဆွဲယူကာ ပြောတယ်။
သူမ လက်ထဲက ဖုန်းက လုခံလိုက်ရတာကြောင့်ရွှေရတီဦး အရူးတစ်ယောက်လို သူမဖုန်းကို ပြန်ဆွဲလုတယ်။"ပြန်ပေး ပြန်ပေးလို့"
သူမရဲ့ မျက်နှာက မျက်ရည်တွေနဲ့ စိုစွတ်နေပြီး မျက်ခမ်းစပ်တွေက နီရဲနေတယ်။
"ရွှေရတီဦး တော်တော့"
စိုးယုစံ အော်မိတယ်။ ထိုအခါမှ ရွှေရတီဦးက ငြိမ်ကျသွားပြီး သူမကို မော့ကြည့်လာတယ်။
ပြီးတော့ သူမကို ကြမ်းကြမ်းတမ်းတမ်း ဆောင့်ဆွဲလိုက်ပြီး ဖုန်းကို လုယူလိုက်တယ်။
"နင့်ကိစ္စ မဟုတ်ဘူး"
ရွှေရတီဦးရဲ့ အပြုအမူက စိုးယုစံကို ဒေါသထွက်သွားစေတယ်။
"ဒါဆိုလဲ အရူးလိုမျိုး အော်ဟစ်မနေနဲ့လေ"
အခန်းတွင်းထဲက အခြေအနေက တင်းမာလာခဲ့ပြီ။
ရွှေရတီဦးက နေရာမှ ထလိုက်ပြီး အခန်းထဲမှ ထွက်သွားလိုက်တယ်။ ပြီးတော့ တံခါးကိုလည်း ကြမ်းကြမ်းတမ်းတမ်းတွန်းပိတ်သွားတယ်။
အခန်းထဲမှာ ကျန်ထားတဲ့ စိုးယုစံကတော့ စိတ်တိုတိုနဲ့ အိပ်ယာထဲသွားပြီး စောင်ကို မျက်နှာ ထိဆွဲအုပ်ကာ အိပ်ဖို့ကြိုးစားလိုက်တယ်။
"တစ်ယောက်ထဲ အရူးလိုအော်ဟစ်နေပြီးတော့ ဘယ်သူ့ကိုလာအပြစ်တင်နေတာလဲ"
စိုးယုစံ စိတ်တိုစွာ ရေရွတ်လိုက်ပြီး အိပ်ပျော်ဖို့ ကြိုးစားပေမဲ့ တော်ရုံနဲ့ အိပ်မပျော်ခဲ့ဘူး။