"အဲ့ကောင်မမျက်နှာကို ငါဖြတ်ရိုက်ချင်နေပီ မင်းသားကလည်း ဦးနှောက်မရှိဘူး စဥ်းစားပါအုံးလား ပြောတိုင်းယုံနေတယ်"
ဇာတ်လမ်းကိုကြည့်နေရင်း အိမ့်နဒီ အလိုမကျစွာဆဲဆိုနေတယ်။ ဘေးမှ သွန်းနေခြည်ကတော့သူမပြောသမျှ လုပ်သမျှကို တိတ်တဆိတ်နားထောင်နေပြီး ခပ်ရေးရေးပြုံးနေခဲ့တယ်။
သူမတို့က အကတိုက်လို့ပြန်လာတည်းက အခန်းထဲမှာဘဲ နေကာ ဇာတ်လမ်းတွဲတစ်ခုကို တူတူ ကြည့်နေခဲ့ကြခြင်းပင်။ ထိုချိန်မှာဘဲ-
ဒေါက်. ဒေါက်.
အခန်းကို လာခေါက်တာကြောင့် သွန်းနေခြည်က နေရာမှ ထကာ တံခါးကို သွားဖွင့်လိုက်တယ်။
"ဟေး"
တံခါးဖွင့်လာတာနဲ့ ချစ်လွန်းသူက တန်းပြီး ပြုံးရွှင်စွာနှုတ်ဆက်တယ်။
ဒါပေမဲ့ သွန်းနေခြည်ကတော့ သူမကို မြင်လိုက်တာနဲ့ ချက်ချင်း ဘဝင်မကျဖြစ်သွားမိတယ်။"ဘာကိစ္စရှိလို့လဲ အမ"
"အာ ဒါလာပို့တာလေ"
ချစ်လွန်းသူက သူမလက်ထဲမှ အထုပ်ကို မြှောက်ပြရင်းဆိုတယ်။ ပြီးတော့ တံခါးပေါက်မှာ ပိတ်ရပ်နေတဲ့ သွန်းနေခြည်ကို တွန်းဖယ်လိုက်ပြီး အခန်းထဲဝင်လိုက်ကာ-
"အိမ့်လေး"
ထိုခါမှ ဇာတ်လမ်းကို အာရုံစိုက်ကာ အားမလိုအားမရဖြစ်နေတဲ့ အိမ့်နဒီ မော့ကြည့်လာတယ်။
"မမသူ"
ချစ်လွန်းသူ လက်ထဲမှ အထုပ်ကို ခါရမ်းပြလိုက်တယ်။
"အဲ့ဒါ ဘာကြီးလဲ"
"ဘဲကင်လေ မနေ့မနက်က စားချင်တယ်ပြောနေလို့"
"အာ... အားနာစရာကြီး တကူးတက"
အိမ့်နဒီ ပါးစပ်ကသာ အားနာစရာကြီးလို့ပြောနေပေမဲ့ မျက်လုံးကတော့ ထိုအထုပ်ကနေ မခွာတော့ဘူး။
"တကူးတက မဟုတ်ပါဘူး ဒီတိုင်း သွားရင်းလာရင်းတွေ့တာ လာစားရအောင် နေခြည်ရော"
သွန်းနေခြည် နေရာမှာဘဲ မလှုက်မရက် ရပ်နေခဲ့တယ်။
ချစ်လွန်းသူကတော့ စားပွဲပေါ်က စာအုပ်တွေကို နေရာရွေ့လိုက်ပြီး ဘဲကင်ထုပ်ကို တင်လိုက်တယ်။ ပြီးတော့ ကုတင်ပေါ် တက်ထိုင်လိုက်ကာ သူမအခန်းလိုမျိုး ပြုမူနေခဲ့တယ်။