ဆိုင်ကနေ ပြန်လာပြီးတဲ့ နောက်မှာတော့ သွန်းနေခြည်က အိမ့်နဒီအနားမှာ တစ်နေ့လုံးကပ်နေခဲ့တယ်။ အကတိုက်တဲ့ဆီမှာတောင် အစကနေအဆုံးထိ သွားထိုင်စောင့်နေခဲ့တယ်။
ပြီးတော့ ညနေစာ ထမင်းထွက်စားထွက်တာကိုလည်း လမ်းလျှောက်ပြီး ထွက်ပြန်တယ်။
"အိမ့် နင် လူဘယ်နှယောက်ကို ပုံတူဆွဲပေးဖူးလဲ"
ညနေစာစားပြီး အပြန်လမ်းမှာ သွန်းနေခြည်က ထူးထူးဆန်းဆန်းမေးခွန်းတစ်ခုကို မေးလာတယ်။
"ဖေဖေရယ်၊ မေမေရယ် ၊ ဒေါ်လေးမှုန်မှုန်ရယ်ကိုဘဲ ဆွဲပေးဖူးသေးတယ်"
အိမ့်နဒီက ဒိန်ချဥ်ဗူးကို စုတ်သောက်ရင်း လက်ချိုးရေတွက်ကာ ဖြေတယ်။
"ကိုစိုင်းလင်္ကာကရော"
"သူ့ကိုရောထည့်တွက်ရမလား ငါက သူဆွဲခိုင်းနေလို့ အကြမ်းဘဲဆွဲပေးလိုက်တာ ဒါပေမဲ့ စဥ်းစားကြည့်တော့ အဲ့ဒါလည်း ပုံတူပါဘဲ"
သွန်းနေခြည် အိမ့်နဒီကို ခေါင်းစောင်းပြီး စိုက်ကြည့်လိုက်တယ်။ သူမ မနက်က မြင်ခဲ့တဲ့ အိမ့်နဒီရဲ့ စာအုပ်ထဲက သူမပုံအကြောင်းကို ပြောဖို့ စဥ်းစားလိုက်တယ်။
"အိမ့်"
"အင်"
အိမ့်နဒီက ပါးစပ်မှ ဒိန်ချဥ်ဗူးက ပိုက်ကို ကိုက်ထားပြီး သွန်းနေခြည်ကို အသံသာပြုပြီးထူးတယ်။
သွန်းနေခြည် ခဏစဥ်းစားလိုက်တယ်။ အိမ့်နဒီက သူမပုံကို ဆွဲထားတာကို မသိစေချင်သေးပုံပင်။
ဒါကြောင့် သူမပြောချင်နေတာကို မပြောဘဲ တခြားအကြောင်းအရာကိုပြောလိုက်တယ်။။"ဒါဆို နင်အရင်က ပြောဖူးတဲ့ဟာက တကယ်လား"
"ဘယ်ဟာလဲ"
အိမ့်နဒီက သွန်းနေခြည်ကို မော့ကြည့်ကာ မေးတယ်။
သူမပြောခဲ့တာတွေ များလွန်းလို့ မမှတ်မိဘူးလေ။"နင်ချစ်တဲ့ သူတွေရဲ့ ပုံတူကိုဘဲ ဆွဲနိုင်တယ်ဆိုတာ"
"အာ အဲ့ဒါလား ဒါပေါ့"