နောက်နေ့မနက်မှာ သူမတို့နှစ်ယောက် ထမင်းအတူစားဖြစ်ကြပြီး ကျောင်းကိုလည်း အတူတူသွားဖြစ်ကြတယ်။
သွန်းနေခြည်က အိမ့်နဒီကို E major ဆောင်ကို ပို့ပေးပြီး သူကတော့ Law ဆောင်ကို လာခဲ့လိုက်တယ်။ သူမအခန်းထဲရောက်လာတော့ ရွှေရတီဦးက ထူးထူးဆန်းဆန်းကြိုရောက်နေခဲ့တယ်။
သူမတို့ စကားအနည်းငယ်ပြောပြီးနောက် ကိုယ်လုပ်စရာရှိတာကိုယ်လုပ်နေခဲ့ကြတယ်။
စာသင်နေချိန်တစ်လျှောက်လုံးမှာလည်း သွန်းနေခြည်က စာကိုစိတ်ဝင်တစားနားထောင်သလောက် ရွှေရတီဦးကတော့ ငိုက်ရင်ငိုက်မဟုတ်ရင် ဂိမ်းခိုးဆော့နေခဲ့တယ်။
"နေခြည် ငါ့ကို ပစ္စည်းတွေသယ်ကူအုံးနော်"
နေ့လည်ဆင်းချိန်မှာ ရွှေရတီဦးက ပြောလာခြင်းပင်။
"အဆောင်ကရသွားပြီလား"
"အွန်း စိုးယုစံတို့အဆောင်ကို မနက်ကဘဲ အဆောင်မှုးကိုသွားပြောပြီးပြီ"
"စိုးယုစံဆိုတာက အိမ့်ရဲ့ ဟိုသူငယ်ချင်းကို ပြောတာလား"
"အေးလေ နင်မသိဘူးလား"
သွန်းနေခြည် တကယ်လည်းမသိတာမို့ နှုတ်ဆိတ်နေခဲ့ပြီး ရှေ့မှ တက်ကြွစွာ ထွက်သွားတဲ့ ရွှေရတီဦးနောက်မှ လိုက်သွားလိုက်တယ်။
သူမတို့ ရွှေရတီဦးရဲ့တိုက်ခန်းကိုသွားပြီး လိုအပ်တဲ့ ပစ္စည်းတွေကို ယူကာ အဆောင်ကို ရွှေ့လိုက်ကြတယ်။ ပြီးတော့ ကျန်ထားသေးတဲ့ ပစ္စည်းအနည်းငယ်ကို ယူဖို့ တိုက်ခန်းကို ပြန်လာခဲ့ကြတယ်။
ထိုပစ္စည်းတွေကိုယူပြီး အဆောင်ဘက်ကိုပြန်လာချိန်မှာတော့ ရွှေရတီဦးက အဆောင်ကိုတိုက်ရိုက်မပြန်ဘဲ လမ်းမှာရပ်လိုက်တယ်။
"ငါနင့်ကို မုန့်ဝယ်ကျွေးမယ်"
သူတို့ရပ်လိုက်တာက ဆိုင်တစ်ဆိုင်ရှေ့မှာဖြစ်ပြီး အဲ့ဒီဆိုင်က အပြင်ကနေ မြင်နေရတာတောင် ထူးခြားလွန်းတယ်။
သူမတို့ဆိုင်ကယ်တွေကို နေရာချထားလိုက်ပြီး ဆိုင်ထဲမဝင်ရသေးခင်မှာဘဲ ရုတ်တရက် ရွှေရတီဦးက လမ်းမဘက်ကို အထိတ်တလန့် ပြေးထွက်သွားခဲ့တယ်။