အိမ်ကထွက်လာပြီးတော့ ရွှေရတီဦး ဦးတည်ချက်မရှိ ဆိုင်ကယ်ကို မောင်းလာလိုက်တယ်။
အချိန်အတော်ကြာအောင် ဦးတည်ချက်မရှိပတ်မောင်းပြီးတော့ သူမ မြို့လယ်က ပန်းခြံရှေ့ကို ရောက်လာခဲ့တယ်။ရွှေရတီဦး ဆိုင်ကယ်ကိုရပ်လိုက်ပြီး ပန်းခြံရှေ့က သူမအမေနဲ့ အတူစားခဲ့ဖူးတဲ့ ခေါက်ဆွဲဆိုင်လေးကို ကြည့်လိုက်မိတယ်။
ပြီးတော့ သူမ ထိုဆိုင်ကို ဦးတည်လိုက်မိတော့တယ်။"အန်တီ ဆန်ပြားတစ်ပွဲ"
ဆိုင်က အန်တီကြီးကို ပြောလိုက်ပြီး ပန်းခြံကို မြင်နေရတဲ့ ဆိုင်ပြင်က ခုံမှာ သူမဝင်ထိုင်လိုက်တယ်။
ပြီးတော့ လမ်းမပေါ်က လှုပ်ရှားသွားလာ နေတဲ့ ကားတေ ဆိုင်ကယ်တွေနဲ့ပန်းခြံထဲက လူတေကို ခံစားချက် ကင်းမဲ့စွာ ဗလာမျက်လုံးတွေနဲ့ ငေးကြည့်နေမိတယ်။"သမီးလေး ရပီနော်"
ဆိုင်ရှင်အန်တီကြီးက သူမကို သတိပေးလာတာကြောင့် သူမခပ်ရေးရေးပြုံးကာ တုံ့ပြန်လိုက်တယ်။
ပြီးတော့ ခေါက်ဆွဲကို ကုန်သွားတဲ့ထိ စားလိုက်ကာ ပိုက်ဆံရှင်းပြီး ထွက်လာလိုက်တယ်။
သူမ ပန်းခြံထဲ ဝင်လာလိုက်ပြီး ထိုင်ခုံတစ်ခုမှာ ဝင်ထိုင်တယ်။ ညနေမိုးချုပ်စအချိန်မို့ ပန်းခြံထဲမှာက တက်ကြွကာ ရီမောပျော်ရွှင်နေတဲ့ လူငယ်လေးတေ ဟိုတစ်စုဒီတစ်စုနဲ့ လူတော်တော်စည်နေခဲ့တယ်။
ဒါပေမဲ့ ရွှေရတီဦးကတော့ ထိုလူတွေနဲ့ မတူညီတဲ့ ကမ္ဘာမှာရှိနေသည့်နှယ် တိတ်တဆိတ်ထိုင်နေခဲ့တယ်။
ဒါပေမဲ့ ခပ်လှမ်းလှမ်းက ခုံမှာ သူမနည်းတူ တိတ်တဆိတ်ထိုင်နေတဲ့ ညှို့ကိုတော့ သူမ သတိမထားမိခဲ့ဘူး။အချိန်က တစ်ရွေ့ရွေ့ကုန်ဆုံးလာပြီး ၁၀နာရီသာ ထိုးလာတယ် နှစ်ယောက်လုံးကတော့ နေရာတင်မှာ မလှုပ်မယှက်ထိုင်နေကြတုန်းဘဲ။
ပတ်ဝန်းကျင်ကလည်း တိတ်ဆိတ်နေခဲ့ပြီ။ ထိုအချိန်မှာ-"ဟေ့ အသဲလေး တစ်ယောက်တည်းလား ဘာထိုင်လုပ်နေတာလဲ"
လူ၄ယောက်က ရွံစရာကောင်းတဲ့ အသုံးအနှုန်းတွေနဲ့ ရွှေရတီဦးကို လာနှောက်ယှက်လိုက်ခြင်းပင်။