"သေစမ်း သေစမ်း"
အိမ့်နဒီ မျက်နှာသစ်နေရင်း ကိုယ်နဖူးကိုယ်ရိုက်ကာ ကိုယ့်ကိုယ်ကို ကြိမ်ဆဲလိုက်ခြင်းပင်။
ဘာကြောင့်လဲဆိုတော့ ညက သူမ သွန်းနေခြည်ရဲ့ ဗိုက်ကို ကိုင်ပြီး အိပ်ခဲ့တဲ့ကိစ္စကြောင့်ပဲ။
ငယ်ကတည်းနဲ့ ချမ်းလာရင် အမေတွေ၊အဒေါ်တွေရဲ့ ဗိုက်ကို သွားကိုင်တတ်တဲ့ သူမအကျင့်က အခုထိ ဖျောက်လို့မရသေးဘူး။ ဒါပေမဲ့ သူမရအောင် ဖျောက်ရမည်ပင်။ မဟုတ်ပါက ဒီနေ့လို ကိစ္စတွေက ထပ်ဖြစ်နေအုံးမှာဘဲ။
ဒီနေ့က ကံကောင်းလွန်းပြီး သူမကအရင်နိုးလာခြင်းဖြစ်တယ်။
မဟုတ်လို့ သွန်းနေခြည်သာ အရင်နိုးလာပါက ဘယ်လောက်တောင် မျက်နှာ ပူစရာကောင်းလိုက်မလဲ ဆိုတာကို သူမ တွေးတောင်မတွေးဝံ့ဘူး။"ငါလုပ်ထားတာ သူမသိဘူး ဟုတ်တယ် မသိဘူး"
အိမ့်နဒီ ကိုယ့်ကိုယ်ကို အားပေးနှစ်သိမ့်လိုက်တယ်။
ပြီးတော့ မျက်နှာကို ပြီးအောင် သစ်လိုက်ပြီး အခန်းထဲ ပြန်ဝင်လာခဲ့တယ်။
အခန်းထဲမှာတော့ သွန်းနေခြည်က မှုန်ကုတ်ကုတ် နဲ့ ထထိုင်နေခဲ့တယ်။ သူမခေါင်းပေါ်မှာ အထုပ်အကြီးကြီးတင်ထားသပင်။
သူမက တစ်ညလုံးနီးပါး အိပ်ရေးပျက်ထားပြီး မနက်ပိုင်း ခဏသာအိပ်ထားရခြင်းပင်။
သူမကို ထိုသို့ ဖြစ်စေခဲ့တဲ့ တရားခံကလည်း သူမရှေ့မှာ သူမကို တောက်တောက်ပပကြီး ပြုံးပြနေတယ်။
ညက တစ်ချိန်လုံး သူမဗိုက်ကို ပွတ်သပ်နေခဲ့တာက သူမ မဟုတ်သလိုပင်။သွန်းနေခြည်က သူမပေါ်မှ စောင်ကို ဆွဲဖယ်လိုက်ကာ သူမလက်မှ နာရီကိုကြည့်လိုက်တယ်။ နာရီက ၇ ခွဲလို့ပြနေခဲ့တယ်။
သူမမျက်လုံးတွေကို ပြူးနေအောင် ဖွင့်လိုက်ပြီး သေချာပြန်ကြည့်လိုက်တယ်။
"အိမ့် ခု ၇နာရီခွဲနေပီလား"
သူမနာရီမှားနေတယ်ထင်ပြီး မေးလိုက်ခြင်းပင်။
ဒါပေမဲ့ နာရီက မှားမနေခဲ့ပါဘူး။