သူမ သတိရလာတော့ ဆေးရုံကို ရောက်နေခဲ့ပြီး သူမအနားမှာ အတန်းပိုင်ဆရာမနဲ့ ချစ်လွန်းသူတို့ ရှိနေတယ်။
"နိုးလာပြီလား"
ချစ်လွန်းသူက သူမကို မေးတယ်။ အိမ့်နဒီ ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး-
"ခုက ဆေးရုံရောက်နေတာလား အိမ့်စာမေးပွဲဖြေလို့မပြီးသေးဘူးလေ"လို့ အထိတ်တလန့်ဆိုတယ်။
ချစ်: "ဘာတေစိတ်ပူနေတာလဲ ကျန်းမာရေးက အဓိကလေ"
အိမ့်: "ဆေးရုံတက်ရအောင် အိမ့်ကဘာဖြစ်လို့လဲ"
"အူအတက်ပေါက်တာ ခွဲရမှာ သမီးရဲ့ မိဘတွေကိုလည်း ဆက်သွယ်ရမယ်"
ဘေးမှ ဆရာမက ဝင်ပြောလိုက်ခြင်းပင်။ ထိုအခါ သူမ ပထမဆုံးတွေးလိုက်တာက စာမေးပွဲပင်။
"ဆရာမ အဲ့ဒါဆို စာမေးပွဲကရော"
"ကြားထဲမှာ ကျောင်း ၂ ရက်တောင် ပိတ်တယ်လေ သမီးရဲ့ ကျောင်းပိတ်တဲ့အတွင်း ခွဲပြီးတော့ ကျန်တဲ့ဘာသာတွေကိုတော့ ဆေးရုံကနေ ဖြေဖို့ စီစဥ်ရမှာပေါ့"
ဆရာမက ရီမောရင်း ပေါ့ပေါ့ပါးပါးပြောလိုက်တော့ အိမ့်နဒီ စိတ်တော့အနည်းငယ်ပေါ့သွားတယ်။
"သမီးရဲ့ အိမ်ဖုန်းနံပါတ်ကို မှတ်မိတယ်မလား"
ဆရာမအမေးကို အိမ့်နဒီ ခေါင်းငြိမ့်လိုက်ပြီး ဆရာမကို အဒေါ်ရဲ့ နံပါတ်ကို ရွတ်ပြလိုက်တယ်။ ဆရာမကလည်း ချက်ချင်းခေါ်ကာ ပြောလိုက်တာကြောင့် သူမအဒေါ်က အရမ်းစိတ်ပူသွားပုံရပြီး ပိုပြီးနီးတဲ့ မြို့က ဘကြီးကို ဆက်သွယ်ပြီး ချက်ချင်းလွှတ်လိုက်မှာမို့ စိတ်မပူဖို့ပြောတယ်။ အိမ့်နဒီတို့ မြို့ကနေဆို လာဖို့က ၉နာရီ ၁၀နာရီလောက် ကြာတယ်လေ။
ပြီးနော့ ဆရာမက ကျောင်းမှာ လုပ်စရာရှိလို့ဆိုကာ ထွက်သွားပြီး ချစ်လွန်းသူကို အစောင့်ချန်သွားခဲ့တယ်။ အိမ့်နဒီကိုလည်း အနာသက်သာအောင် ဆေးသွင်းထားပေးတာကြာင့် ဗိုက်က ခဏတာတော့ မနာနေဘူး။
အိမ့်: "မမသူက ဘယ်လိုဖြစ်ပြီး ပါလာတာလဲ"
ချစ်: "ကျောင်းဆောင်အောက်မှာ တွေ့တာလေ အိမ့်လေးဖြစ်နေတာနဲ့ စိတ်ပူပြီး လိုက်လာတာ"