သွန်းနေခြည် အင်္ကျီအိတ်ထဲက လက်ဆောင်ဗူးလေးကို ခပ်ဖွဖွ ဆုတ်ကိုင်ရင်း သူမရှေ့မှာ မှန်ယိမ်းနေတဲ့ အိမ့်နဒီကို နောက်ကျောမှ စိုက်ကြည့်နေခဲ့တယ်။ ဒီနေ့က အိမ့်နဒီရဲ့မွေးနေ့။ သူမဖွင့်ပြောမယ်လို့ စဥ်းစားထားတဲ့နေ့။
ဒါပေမဲ့ သူမကြောက်ရွံနေခဲ့တယ်။ အိမ့်နဒီက ဟိုအမလို သူမကို ငြင်းလိုက်မှာကို ကြောက်ရွံနေခဲ့တယ်။ နောက်ပြီး သူငယ်ချင်းဆိုတဲ့ စည်းကို ကျော်လိုက်ရင် ဘာဖြစ်သွားမလဲဆိုတာ သူမ မသိဘူး။
"သွန်း ရပီလား ဒီစကပ်က တိုနေသလားလို့ အရှည်နဲ့ လဲလိုက်ရမယ်ထင်တယ်"
အိမ့်နဒီ ကိုယ့်ကိုယ်ကို လှည့်ပတ်ကြည့်နေရင်းက သွန်းနေခြည်ကို လှမ်းမေးတယ်။
သွန်း: "အင်း အေးမယ်ထင်တယ် ဒီအရှည်နဲ့ လဲလိုက်"
သွန်းနေခြည် အနားမှ ပန်းနုရောင် စကပ်ရှည်ကို လှမ်းပေးလိုက်တယ်။
အိမ့်နဒီ ပြင်ဆင်နေတာကို ကြည့်ရင်း သွန်းနေခြည် မေးခွန်းတစ်ခုကို တွန့်ဆုတ်စွာနဲ့ မေးမိတယ်။သွန်း: "အိမ့် တကယ်လို့ နင့်ကို နင့်သူငယ်ချင်းထဲက တစ်ယောက်ယောက်က ဖွင့်ပြောခဲ့ရင် နင်ဘာလုပ်မလဲ"
အိမ့်: "ဒါကတော့ရှင်းပါတယ် ငါမကြိုက်ရင် ငြင်းလိုက်မှာတော့ နေပါအုံး နင်က ဘာလို့ အဲ့ဒါမေးတာလဲ မဟုတ်မှ"
အိမ့်နဒီက စကားကို ဆက်မပြောဘဲ သူမကို စိုက်ကြည့်နေတာကြောင့် သွန်းနေခြည် မလုံမလဲတောင် ဖြစ်လာမိတယ်။
"နင်ဖွင့်ပြောခံရလို့လား ဘယ်သူလဲ"
ထိုအခါမှ သွန်းနေခြည် သက်သာရာရသွားတော့တယ်။
သွန်း: "မဟုတ်ပါဘူး မြန်မြန်လုပ်တော့ ရတီတို့ စောင့်နေလောက်ပြီ"
သွန်းနေခြည် စကားလမ်းကြောင်းလွဲလိုက်မိတယ်။ အိမ့်နဒီက သွန်းနေခြည်ကို တရားခံလို ကြည့်လိုက်ပြီး- "ငါပီးနေတာ ခုဏကတည်းက" လို့ ပြောလိုက်တယ်။
သွန်း: "ဒါဆိုလည်း သွားကြမယ်လေ"
သူမတို့နှစ်ယောက် စိုးယုစံတို့အဆောင်ရှေ့ကို ရောက်တော့ ရွှေရတီဦးနဲ့ စိုးယုစံက အဆောင်ရှေ့က ခုံမှာ ထိုင်ပြီး စကားပြောနေကြတယ်။