သွန်းနေခြည်ရဲ့လက်က စာရွက်မျက်နှာပြင်ကို ရောက်သွားပြီး ပွတ်သတ်မိတယ်။ တစ်ဝက်တစ်ပျက်နဲ့ မပီးသေးပေမဲ့ သူမရဲ့ ပုံဆိုတာတော့ အရမ်းသေချာပါတယ်။
ထိုချိန်မှာဘဲ ရွှေရတီဦးက ရောက်လာခဲ့တယ်။
"ငါအဆောင်ရှေ့မှာ အိမ့်ကို တွေ့ခဲ့တယ်"
သွန်းနေခြည်က အူမြူးနေပုံရတဲ့ မျက်နှာနဲ့ ရွှေရတီဦးကို ကြည့်လိုက်တယ်။
သူမရဲ့ အူမြူးနေပုံရတဲ့ မျက်နှာက ရွှေရတီဦးအတွက်တော့ အထူးတဆန်းကြီးဖြစ်နေတယ်။"နေခြည် နင်ဆေးစားမှားထားတာလား"
"အပြင်သွားမယ်"
သွန်းနေခြည်က ရွှေရတီဦး ပြောတာကို လျစ်လျှူရှုလိုက်ပြီး အပြင်သွားဖို့ ပြုံးရွှင်စွာ ပြောလာတယ်။
ပြီးတော့ အဝတ်အစားတောင်မလဲဘဲ အပေါ်ဖုံးအင်္ကျီကို ကောက်ဝတ်လိုက်တယ်။"အခုကြီးလား "
"အေး ခုဘဲ"
သွန်းနေခြည် ဆိုင်ကယ်သော့ယူပြီး ရှေ့မှ အရင်ထွက်သွားတယ်။
ရွှေရတီဦးကတော့ စိတ်ပျက်လက်ပျက်နဲ့ နောက်မှလိုက်လာရတယ်။
အင်္ကျီတောင်မလဲဘဲ ထွက်လာတဲ့ နေရာက ဟိုတစ်နေ့က သူမတို့သွားခဲ့တဲ့ စိုင်းလင်္ကာတို့ဆိုင်ကို။
ဒါပေမဲ့ ဆိုင်ထဲရောက်သွားပြီး အိမ့်နဒီကို မြင်လိုက်ချိန်မှာ ဘာကြောင့် သွန်းနေခြည် ချက်ချင်းထလိုက်လာရသလဲဆိုတာကို သူမနားလည်သွားတယ်။
သွန်းနေခြည်ကတော့ ချက်ချင်း အိမ့်နဒီဆီကို ရောက်သွားပြီး အနားမှာ ဝင်ထိုင်နေပြီ။
"သွန်း ဘယ်လိုရောက်လာတာလဲ"
အိမ့်နဒီ အံ့ဩစွာမေးတယ်။
"နေခြည်က အိမ့်ကို စိတ်မချလို့ နောက်ကလိုက်လာတယ်ထင်တယ် ညအိပ်ထားတဲ့ အဝတ်အစားတောင် မလဲထားပုံဘဲ"
ဘေးမှ ချစ်လွန်းသူက ဝင်ပြောလာခြင်းပင်။
ထိုစကားကြားမှ သွန်းနေခြည်က ညအိပ်ဝတ်စုံနဲ့ ဖြစ်နေမှန်း အိမ့်နဒီသတိထားမိတယ်။