မွေးနေ့ကိတ်ကို သူမတို့ အဆောင်ပြန်ပြီး အဆောင်မှာဘဲ ခွဲလိုက်တယ်။
သွန်းနေခြည်နဲ့ အိမ့်နဒီက အချိုမကြိုက်သူတွေ ဖြစ်တာကြောင့် ကိတ်တစ်ခုလုံးကို ရွှေရတီဦး တစ်ယောက်ထဲထိုင်စားနေခဲ့တယ်။
သူမတို့နှစ်ယောက်ကတော့ ကိုယ်စီ make up ဖျက်နေကြတယ်။
ကိတ်ကို စားနေရာမှ သူမတို့နှစ်ယောက်ကို ကြည့်ရင်း ရွှေရတီဦး စိတ်ထဲ မကောင်းဆိုးဝါးလေးတွေ ဝင်လာခဲ့တယ်။
"ဟာ...သွားပီ"
သူမက သွန်းနေခြည်ရဲ့စောင်တွေပေါ် မတော်တဆတမင်သက်သက် သူမသောက်လက်စ စတော်ဘယ်ရီ ဖျော်ရည်ခွက်ကို မှောက်ချလိုက်တော့တယ်။
ခွက်လေးက လိမ့်ကျသွားပြီး သွန်းနေခြည်ရဲ့စောင်ကလည်း စိုရွဲသွားတယ်။ စောင်ပေါ်မှာလည်း စတော်ဘယ်ရီဖတ်တွေက အပုံလိုက်။
သွန်းနေခြည် ကုတင်ခြေရင်းမှာ ရပ်နေရင်းက သူမစောင်ရဲ့ အဖြစ်ကိုကြည့်နေခဲ့ပြီး ရွှေရတီဦးတမင်လုပ်မှန်းကို သူမသိနေတယ်။
"လျှော်သွား"
"ငါ့ကိုလား?"
ရွှေရတီဦး သူမကိုယ်သူမလက်ညှိုးထိုးပြီးမေးလိုက်တယ်။
သွန်းနေခြည်ကတော့ ဘယ်သူ့ကိုထင်လို့လဲဆိုတဲ့မျက်နှာပေးနဲ့ သူမကိုကြည့်နေခဲ့တယ်။
"ပြီးတော့ နင့်အခန်းကစောင်လာပို့"
"နင်ကိုပို့လိုက်ရင် ငါကဘာနဲ့ အိပ်ရမှာလဲ"
ရွှေရတီဦး သနားစရာကောင်းအောင်ပြောတယ်။ တကယ်တော့ သူမအခန်းမှာ စောင်ပိုတွေရှိနေပြီးသားပင်။ တမင်သက်သက်မပို့ချင်၍ ထိုသို့ပြောလိုက်ခြင်းသာ။
"ဒီညတော့ ငါနဲ့အိပ်လိုက်တာပေါ့ သူလည်းတမင်သက်သက်လုပ်တာမှမဟုတ်ဘဲ"
ဘေးမှ အိမ့်နဒီက မနေနိုင်စွာ ဝင်ပြောလိုက်ရတော့တယ်။
ရွှေရတီဦးကို သူမ ပထမက အမြင်မကြည်ပေမဲ့ ယခုတော့ အနည်းငယ်အမြင်ကြည်လာပြီပင်။