Unicode
ရှဲ့လင်၏ အပြုအမူက ခဏသာကြာသည်။ သူ့အပြုအမူ မသင့်တော်ဟု သဘောပေါက်သွားသည်။
" ကိုယ်တောင်းပန်ပါတယ်.. မင်း အသားထိတာမကြိုက်တာ ကိုယ်မေ့သွားလို့"
ရှဲ့လင် လက်ပြန်ရုတ်သွား၏။ထိုစကားကြောင့် ချီချင်းလဲ အိပ်မက်မှ နိုးလာသလို ခံစားလိုက်ရသည်။
ရုတ်တရက်ကြီး ရှဲ့လင်အပေါ် တုံ့ပြန်မှုမရှိသည်ကို သတိထားမိ၏။
ရှဲ့လင်လက်ကို ဆွဲဖယ်ရန် တွေးသော်လဲ နေရမခက်။ အရင်က ဘယ်လိုလူမျိုးပဲဖြစ်ဖြစ် သူ့အသားကို ထိပါက တစ်ကိုယ်လုံးတောင့်တင်းကာ အေးစက်လာတတ်သည်။
သို့သော် အခုတော့ ရုတ်တရက်မို့ လန့်သွားသည်မှလွဲ၍ ဘာမှထူးထူးခြားခြား မဖြစ်။
ခဏတာမျှသာ တိတ်ဆိတ်သွားသည်ဆိုသော်လဲ ချီချင်းအတွက် အသက်ရှူစရာ နေရာရှာတွေ့သွားသည့်အလားပင်။
မလှမ်းမကမ်းရှိ စားပွဲပေါ်မှ ဆေးသေတ္တာကို ရှဲ့လင် တွေ့သွား၍ မေးလိုက်သည်။
" ဆေးသောက်ထားတာလား"ချီချင်းလဲ စကားမပြောချင်သောကြောင့် ခေါင်းအသာညိတ်သည်။
" အင်း"" ဟုတ်လို့လား.. ရေလဲ မငှဲ့ထားပဲနဲ့"
ရှဲ့လင်မှာ အသစ်စက်စက် မီးဖိုထဲတွင် ရေနွေးတည်ထားသည့် အရိပ်အယောင်မတွေ့။ စားပွဲပေါ်တွင် ရေဘူးရော ရေခွက်ရော ရှိမနေ။ ထို့နောက် ရှဲ့လင်က စားပွဲနားအထိ လျှောက်လာကာ ဆေးသေတ္တာကို လိုက်မွှေသည်။ ဆေးကတ်များက ဖောက်ပင် မဖောက်ရသေး။
" ဆေးကတ်တောင် မဖောက်ရသေးပဲနဲ့ ဘယ်ဆေးကို သောက်လိုက်တာလဲ"
အသက်ရှူချိန်ခဏရသွားသောကြောင့် ရှဲ့လင်မေးခွန်းကို ချီချင်း ပြန်ဖြေနိုင်သွား၏။
" သက်တမ်းကုန်နေလို့"ချီချင်းမှာ ဟိုးအရင်ထဲက ဆေးရုံသွားရခြင်း ဆေးသောက်ရခြင်းကို မနှစ်ခြိုက်။
အဆိုပါ မတော်တဆမှုအပြီး ဆေးရုံသွားရမည်ကို ချီချင်း မုန်းလာသည်။ ဆေးရှိပါက ဆေးသောက်ပြီး ဆေးမရှိရင်လဲ ဒီအတိုင်းသာ အိပ်တတ်သည်။
ရှဲ့လင်က ချီချင်း၏ဧည့်ခန်းထဲ လှမ်းကြည့်နေသည်။ တစ်ခန်းလုံးတွင် အေးစက်သော ပိုးသတ်ဆေးနံ့ ပျံ့နှံ့နေသည့်အတွက် ချီချင်းက ပိုးသတ်ဆေးနတ်ဘုရားသေလို့ ပြန်ဝင်စားသည်ဟု ပြောပါက ရှဲ့လင်အံ့ဩမိမည်မဟုတ်။ ထို့အပြင် အခန်းထဲတွင် မီးမဖွင့်ထားသောကြောင့် ဆေးသေတ္တာကိုပင် တော်တော်ကြာအောင် လိုက်ကြည့်ရသည်။ မီးဖိုခန်းထဲတွင် မီးဖိုချောင်သုံးပစ္စည်းအများကြီးမရှိသော်လဲ ဓားတွေတော့ အတော်များသည်။ ငွေရောင်တလက်လက်တောက်နေသော ဓားများကို အတိုမှ အရှည်သို့ ညီညာနေအောင် စီထား၏။ အရင်တစ်ခါက ပေါင်မုန့်လှီးရာတွင် သုံးသော လွှသွားပုံဓားသည်လဲ စီထားရာတွင် ပါဝင်နေသည်။
YOU ARE READING
အန္တရာယ်ရှိသော စရိုက် - ဘာသာပြန်
Mystery / ThrillerTitle - Dangerous Personality Author - Mu Gua Huang MC- Xie Lin x Chi Qing Chapter 161 + 2 extras ထူးဆန်းသည့် ပြန်ပေးဆွဲမှုတစ်ခုအပြီးတွင် ချီချင်းတစ်ယောက် မမျှော်လင့်ပဲ တစ်ပါးသူစိတ်ကို ဖတ်နိုင်သည့် စွမ်းရည်တစ်ခုကို ရရှိခဲ့သည်။ ထိုအချိန်မှစ၍ သူ့ပုံစံ...