Chapter 94- ကျောင်းသားလေးများ

1.3K 260 19
                                    

Unicode

နေ့ခင်းဘက်တွင် နေပူရှိန်ပြင်းသော်လဲ ညနေစောင်း နေဝင်ချိန်ရောက်တော့ ကောင်းကင်တစ်ခုလုံး မီးခိုးရောင် မြူခိုးများနှင့် ပြည့်နှက်နေသည်။

လေက တဖြည်းဖြည်း ပြင်းလာသည်။

ကားတံခါးကို ဖြတ်လာသော လေအေးသည်ပင် သွားကျိန်းမတတ် အေးစက်လှသည်။

စွန်ပေါ်မှ အနီနှင့်အနက်ရောပြွန်းနေသော ကျောင်းဝတ်စုံတို့မှာ လေတိုက်တိုင်း ခါရမ်းကာ အရောင်ပင် ပြောင်းမတတ် ဖြစ်နေသည်။

ဆုရှောင်းပေါ်က ပထမတော့ သေချာမကြည့်မိ။ သို့သော် ရှဲ့လင်စကားကြောင့် မျက်လုံးနှစ်လုံးကို အသေအချာ ပွတ်သပ်ကြည့်မိသည်။ ဒီတစ်ခါတော့ စွန်အမြီးဟု ထင်ရသော အချောင်းနှစ်ချောင်းက ခြေထောက်နှစ်ချောင်း ဖြစ်နေကာ ခေါင်းတစ်လုံးပါ အပို လျှောကျနေသည်ကို တွေ့လိုက်ရသည်။ စောစောက ဆူပူနေသော ဆရာမကိုရော.. စာမေးပွဲရလဒ်များအားလုံးကိုပါ မေ့လျော့သွားသည်။
" တ.. တကယ်ကြီး.. လ.. လူ.."

မီးပွိုင့်နီနေရာမှ ချက်ချင်းစိမ်းသွား၏။

ရှဲ့လင်ကားက မီးစိမ်းသော်လဲ မလှုပ်သေး။ အနောက်မှ ကားပိုင်ရှင်က စိတ်မရှည်စွာ ကားဟွန်းတီး၍ လောလိုက်သည်။
" မီးစိမ်းနေပြီလေ.. ဘာလို့ ရပ်ထား..."

ကားဟွန်းသံများ ဆူညံ‌ပွက်လောရိုက်ကုန်သည်။

လမ်းပေါ်မှ လူသွားလူလာများအားလုံးက အိမ်ပြန်ရန်သာ အားသန်နေကြသောကြောင့် လမ်းဘေးဝဲယာကို အာရုံမစိုက်မိကြ။ ကျောင်းဝင်းထဲ ဘာဖြစ်နေသည်ကို သိရန်ဝေးစွ သူတို့ရှေ့တည့်တည့် ချိတ်နေသော ‌အလောင်းကောင်ကိုပင် မမြင်နိုင်ကြ။ မော့ကြည့်ရုံနှင့်ပင် မြင်နိုင်သည်ကိုလေ...

ရှဲ့လင်က ဆုရှောင်းလန်ကို ဖုန်းခေါ်သည်။
" ဟဲလို အရာရှိ ဆု..  ကျွန်တော်ပါ.. ခင်ဗျားတူလေး အခု ကျွန်တော်ကားထဲမှာ ရှိတယ်.. ဒါပေမဲ့ ခင်ဗျား ဒီနေရာကို လာခဲ့မှ ဖြစ်မယ်နဲ့တူတယ်ဗျ"
ထို့နောက် တည်နေရာကို တစ်ချက်လှမ်းကြည့်သည်။
ကွမ်းယွမ်အထက်တန်းကျောင်းနဲ့ ငါးကီလိုမီတာအကွာတွင်ရှိသော ကျောင်းတစ်ကျောင်းဖြစ်ကာ ကျောင်းနာမည်ကိုတော့  သူ သိပ်မရင်းနှီး။

အန္တရာယ်ရှိသော စရိုက် - ဘာသာပြန် Where stories live. Discover now