Unicode
အရင်ဘဝတုန်းကတော့ ဟောပိုင်က ရှုခင်းပုံကိုသာ အဓိကထားရိုက်သည့် ဓာတ်ပုံဆရာတစ်ယောက်ဖြစ်ခဲ့သည်။ အခုတော့ သူ့ရှေ့လမ်းက ရှုပ်ထွေးကျယ်ပြောလှသည်။
အတွင်းစိတ်တွင် လှုပ်ရှားတက်ကြွနေသော်လဲ မျက်နှာက တည်ငြိမ်နေ၏။
ဟောပိုင်က သူ့ရှေ့မှ ဖိုင်တွဲများကို တစ်ခုချင်းစီ လှန်သည်။ထိုနောက် ဓာတ်ပုံခန်းထဲရှိ ရဲတိုက်၊ နွယ်ပင်များ ရစ်ပတ်နေသည့် နံရံနှင့် သစ်နွယ်ဒန်းလေးတစ်ခုလိုက်ကြည့်သည်။ ထောင့်နားလေးတွင် ယုန်ရုပ်လေးထားထားသည်က ပိုချစ်စရာ ကောင်းနေ၏။
ဓာတ်ပုံခန်းထဲမှ အပြင်အဆင်က ရှေးဟောင်းမင်းသမီးပုံစံမျိုးနှင့် ကိုက်ညီကာ တော်တော်စျေးကြီးမှန်း သိသာလေသည်။
မော်ဒယ်မိန်းကလေးများ ဂါဝန်ကားကားအိအိလေးများဝတ်ကာ ရပ်နေပုံကို စိတ်ကူးလိုက်ရင်း ဟောပိုင်က ရဲတိုက်အဝင်ဝတွင် ခဏရပ်ကာ ဖိုင်တွဲကို ပြန်လှန်ကြည့်သည်။ ထို့နောက် အဝတ်အစားကို ပုံကြမ်းမှ စ၍ ပြန်ကြည့်၏။
ဆယ့်ငါးမိနစ်ကြာတော့ လင်းရှ ပြန်ရောက်လာသည်။ ဟောပိုင်က လက်ထဲမှ ဖိုင်ကို ပြန်ကမ်းပေးရင်း အသက်ဖွဖွရှူကာ ပြုံး၏။
" စလို့ရပါပြီ.. ကျွန်တော်အဆင်သင့်ဖြစ်ပြီ"ထိုနေ့ည သန်းခေါင်ယံ၌ တိချိုးဟယ်က ဖုန်းကို တိတ်တဆိတ် ဖွင့်ကြည့်သည်။ ဟောပိုင်ကို ဖုန်းခေါ်ရန် အတော်ကြာကြာစဥ်းစားပြီးမှ စိတ်လျှော့ကာ WeChat မှ စကားသွားပြော၏။
A Bird Born in Autumn: အိပ်နေပြီလား
ချက်ချင်း စာပြန်ရောက်လာ၏။
White and Whiter: ဟင့်အင်း
တိချိုးဟယ်က ဒီလောက်မြန်မြန်ကြီး စာပြန်သည်ကို မကျေနပ်။ မျက်နှာအမူအရာ ပို၍ မာကျောလာ၏။
A Bird Born in Autumn: နွေရာသီကျောင်းပိတ်ရက်မှာ အလုပ်တွေ ရှုပ်နေတာလား
White and Whiter: အင်း
ထိုစကားကြောင့် တိချိုးဟယ်ပြောမည့်စကားများ လည်ချောင်းဝတွင် တစ်သွား၏။ " တို့ကို စကားလေးတစ်ခွန်းတောင် စ မပြောနိုင်ရအောင် အလုပ်များနေတာလား" ဟု ရေးထားသော စာကို ပြန်ဖျက်ကာ မျက်နှာတည်တည်နှင့် စာပြန်ရိုက်သည်။
YOU ARE READING
OUR❤️ ( One Useless Rebirth) 1
Fantasyဟောပိုင်က ထီဆုကြီးပေါက်ကာ ချမ်းသာလာပြီး သူ့ဘဝရဲ့အကောင်းဆုံးအချိန်တွေကို အေးဆေးစွာ ဖြတ်သန်းနေချိန် .. မမျှော်လင့်စွာနှင့် တိုက်ပေါ်မှ အတွန်းချခံရကာ မတရားအသတ်ခံလိုက်ရသည့် ရုပ်ရှင်ဧကရာဇ် တိချိုးဟယ်ကို ဓာတ်ပုံရိုက်မိသွားလေ၏။ ရဲစခန်းကို ဓာတ်ပုံသက်သေ သွား...