Chapter 139 - အဆောင်သူခိုး 1

3.7K 659 13
                                    

Unicode

ဒုတ်ဒုတ် ဒုတ်ဒုတ်...

မမျှော်လင့်စွာ သူ့နှလုံးခုန်နှုန်း မြန်လာပြန်သည်။ တစ်ဖက်မှ ပြောနေသူ၏ မျက်လုံးလေးနှင့် အဖြူအမဲ မသဲကွဲသော နောက်ခံကိုသာ မြင်ရတာတောင် နှလုံးခုန်နှုန်းက ပိုပို၍ပင် မြန်လာ၏။

ဟောပိုင်က မျက်ခုံးများကို တွန့်ချိုးကာ ကင်မရာကို နည်းနည်းချိန်၍ နေရာပြောင်းထိုင်လိုက်သည်။ ထို့နောက် အသက်ဝဝရှူကာ ကင်မရာ ပြန်လှည့်ရင်း ဟောပိုင်က အသံတိုးတိုးနှင့် မေး၏။
" ရိုက်ကွင်းဘယ်လိုအခြေအနေရှိလဲ... ဂရုစိုက်နော် မထိခိုက်စေနဲ့ဦး"

" အဆင်ပြေပါတယ်"
တိချိုးဟယ်က ကင်မရာပေါ် ပေါ်လာသည့် ဟောပိုင်ကို ငေးကြည့်နေသည်။ ဟောပိုင်က ညအိပ်ဝတ်စုံဝတ်၍ မဖြီးသင်ထားသော ဆံပင်နှင့် အိပ်ရာထဲ လှဲနေ၏။ တိချိုးဟယ်မှာ ထိုပုံစံလေးကို အသည်းယားလွန်း၍ လမ်းပေါ်မှ ဆွဲမိဆွဲရာ ခဲလုံးတစ်လုံးကို ကောက်ကိုင်မိသွားသည်။
" တုံ့နီက ရိုက်ကွင်းအဖွဲ့နဲ့ အသားကျနေပြီဆိုတော့ အရင်ကလို သူ့ကြောင့် ရိုက်ကွင်းနှေးတာတွေ မရှိတော့ဘူး...ဒီမှာ ရိုက်ကူးရေးပြီးတာနဲ့ J နိုင်ငံကို တန်းသွားကြမှာ.. အကုန်လုံးအဆင်ပြေတယ်ဆိုရင် ခရစ်စမတ်မပြီးခင် ပြန်လာလို့ရတယ်"

ဟောပိုင်မှာ တိချိုးဟယ်မျက်နှာကို ကြည့်နေရင်းနှင့်ပင် ခေါင်းညိတ်ရင်းက နားရွက်ဖျားများ ရဲတွတ်လာ၏။ ထူးထူးဆန်းဆန်းဝင်လာသည့် အတွေးများကိုဖြေဖျောက်ရန် စားပွဲပေါ်မှ ရေဘူးကိုယူ၍ သောက်လိုက်ရသည်။ တိချိုးဟယ် ဒီလောက်ချောတာ ဘာလို့ အခုမှ မြင်မိပါလိမ့်...

ဟောပိုင်မျက်နှာကိုအ​​သေးစိတ်စောင့်ကြည့်နေသော တိချိုးဟယ်မှာ နားရွက်ဖျားလေးရဲသွားသည်က အစ သတိထားမိလိုက်၏။ အရမ်း စချင်လာသဖြင့် မနေနိုင်ပဲ မေးလိုက်သည်။
" ပိုင်.. မင်းရော ကိုယ့်ကို အများကြီး လွမ်းနေတာမဟုတ်လား"

ဟောပိုင်က ရေသီးသွားကာ ချက်ချင်းငြင်းလိုက်သည်။
" လုံးဝပဲ.. ကိုယ့်ကိုကိုယ် အရမ်းတွေ အထင်ကြီးမနေနဲ့"

တိချိုးဟယ်က ရေဘူးကိုဆွဲညှစ်ထားသော လက်ဖျားလေးများ ဖျော့တော့နေသည်ကိုကြည့်သည်။ ထို့နောက် ပန်းသွေးရောင်ရဲနေသော နှုတ်ခမ်းဖူးဖူးလေးများကိုကြည့်ရင်း ပြုံးနေသည်။
" ကိုယ့်ကို လွမ်းလို့ရပါတယ် ခွေးပေါက်လေးရဲ့.. မင်းကို ကိုယ် လွမ်းခွင့်ပြုပါတယ်"

OUR❤️ ( One Useless Rebirth) 1Where stories live. Discover now