Chapter 91 - Popsicle 1

3.4K 680 8
                                    

Unicode

ဟောပိုင်က ဒါရိုက်တာဘေးတွင် ရပ်ကြည့်နေရင်း နှစ်ထပ်တိုက် ဝရန်တာအစွန်ပေါ် ရပ်နေသည့်တိချိုးဟယ်ကို မြင်လိုက်ရတော့ ရုတ်တရက် ရင်တွေ တုန်လာသည်။

အက်ရှင်လေ့ကျင့်ရေးဆရာနှင့် အဖွဲ့သားတို့က ဝိုင်ယာကြိုးများကို နောက်ဆုံးအနေနှင့် တစ်ခေါက်ထပ် စစ်ဆေးကာ မိတ်ကပ်ဆရာကလဲ အင်္ကျီနှင့် မိတ်ကပ်ကို ကြည့်ပေးနေသည်။ တိချိုးဟယ်ကတော့ ခံစားချက်သွင်းနေသည့်နှယ် မျက်လုံးများ မှိတ်ထား၏။ မျက်လုံးပြန်ဖွင့်လိုက်ချိန်တွင်တော့ စောစောက အပြုံးတို့မရှိတော့ ။ အတွေးများနေသည့် လူတစ်ယောက်အလား အကြည့်တို့က တည်ငြိမ်နေ၏။

ပထမဆုံးရိုက်ရသည့်အခန်းက တိချိုးဟယ် တစ်ယောက်တည်း။ အခန်းတစ်ခုထဲမှ ပြေးထွက်လာပြီးနောက် သူ့နောက်မှ ပြေးလိုက်လာသော လူအုပ်ကို တစ်ချက်ကြည့်သည်။ ထို့နောက် နှစ်ထပ်တိုက်၏ ဝရန်တာပေါ်မှ ခုန်ချလိုက်တော့ တစ်ထပ်အိမ်ရှေ့တွင် ချထားသည့် ပလတ်စတစ်ခေါင်မိုးပေါ် ပြုတ်ကျသည်။ တစ်ထပ်အိမ်ပြတင်းတံခါးကို ခိုထားရာမှ ခုန်ချပြီးနောက် မြေပေါ် တစ်ချက်လှိမ့်ကာ လမ်းကြားလေးထဲ ပြေးဝင်သွားရမည့် အခန်းဖြစ်သည်။

တကယ့်ရုပ်ရှင်ထဲတွင် စက္ကန့်ပိုင်းသာ ပါသော်လဲ ရိုက်ကူးရသည်က အတော်ကြာပြီး မလွယ်ကူ။

မိနစ်အနည်းငယ်ကြာတော့ မိတ်ကပ်ဆရာ ထွက်ခွာသွား၏။ အက်ရှင်လေ့ကျင့်ရေးဆရာနှင့် တခြားဝန်ထမ်းတို့ကလဲ စစ်ဆေးပြီးသည့်အခါ ပစ္စည်းများယူကာ ထွက်သွားကြသည်။ ကျန်းကွမ်းရှန်က ဝန်ထမ်းအားလုံးကို အသင့်အနေအထား ပြင်ခိုင်းထားသည်။ ဒါရိုက်တာကျန်းနှင့် တိချိုးဟယ်တို့ အချက်ပြသည့်အခါတွင် ရိုက်ကူးရန် အသင့်ဖြစ်အောင် ပြင်ကြသည်။

ကင်မရာဖရိန်ထဲတွင် တိချိုးဟယ်တစ်ယောက်တည်းသာ ကျန်တော့သည်။ သူက ခန္ဓာကိုယ်ကို တစ်ချက်ကြည့်ကာ ဆင်းရမည့်ဘက်ကို ငုံ့ကြည့်သည်။

ကျန်းကွမ်းရှန်က အိုခေ ဟု လက်လှမ်းပြ၏။

တိချိုးဟယ်က ခေါင်းညိတ်ကာ စက္ကန့်အနည်းငယ် စောင့်နေသည်။ ကင်မရာကိုင်ကာ သူ့ကိုငေးကြည့်နေသော ဟောပိုင်ကို တစ်ချက်ကြည့်လိုက်မိ၏။

OUR❤️ ( One Useless Rebirth) 1Where stories live. Discover now