ကျောင်းဝင်းထဲ မုန့်စားကျောင်းဆင်း ခေါင်းလောင်းသံမှာ ငြိမ့်ညောင်းစွာ ထွက်ပေါ်လာသည်။ စာသင်သံ ၊ စာအံသံများ ရုတ်ချည်း စဲသွားကာ ကျောင်းဝင်းထဲရှိ ကျောင်းဆောင်သုံးဆောင်လုံးသည် စကားပြောသံများဖြင့် ဆူညံသွားသည်။ အခန်းတိုင်းမှ အဖော်ကိုယ်စီနှင့် ထွက်လာကြသော ကျောင်းသူ ကျောင်းသားများသည်လည်း မနည်းမနော။ ထိုကျောင်းသူ ကျောင်းသားများထဲ၌ အဖော်မဲ့နေသော ကျောင်းသားတစ်ဦးသည် နှုတ်ဆိတ်လျက် ၆ တန်းဆောင် အမိုးအောက်ရှိ လျှောက်လမ်းအတိုင်း ခေါင်းငုံ့လျက် ဖြတ်လျှောက်လာနေသည်။
ခပ်ဖြည်းဖြည်း လျှောက်လာနေရင်း သူ၏ ခြေတော်ရင်းသို့ ကျောင်းသားများ ဘတ်စကတ်ဘော ဆော့နေကြသည့် ဘောလုံးသည် ဆိုက်ဆိုက်မြိုက်မြိုက် လာရောက် ခစားလာသည်။ ခြေလှမ်းများကို တန့်လိုက်ပြီး ဘောလုံး လာရာသို့ ကြည့်မိရာ ခပ်လှမ်းလှမ်းမှ မြင်နေရသူမှာ သူ ယခင်ကတည်းက မျက်မှန်းတန်းမိသည့် ကောင်လေးတစ်ယောက်။ ပိုမို ပြည့်စုံအောင် ဖြည့်စွက် ပြောရလျှင် အရပ်ရှည်ရှည် ဆံပင်ကောက်ကောက်နှင့် အသားဖြူဖြူ တရုတ်လေးတစ်ယောက်။
"ဟိတ်ရောင် ... ငါ့ဘက်ကို ဘောလုံး ပြန်ပစ်ပေး။"
လှမ်းအော်လိုက်သည့် အသံကြောင့် သူသည် ရှေ့ရှိ ဘောလုံးကို တစ်လှည့် ၊ လှမ်းအော်နေသည့် ကောင်လေးကို တစ်လှည့် အပြန်ပြန် အလှန်လှန် ကြည့်နေမိသည်။ ထိုကောင်လေး၏ အသံကဲ့သို့ မာန်ပါပါ ဩဇာလွှမ်းသည့် အသံမျိုးကို သူ ယခင်က တစ်ခါမှ မကြားဖူးခဲ့။ ဒေါသရိပ်များ ပြည့်နှက်နေစမြဲ ဖြစ်သည့် အဖေ့၏ အသံတောင်မှ ဤအသံလောက် ဩဇာသံ မလွှမ်းမိုး။ ထိုကောင်လေး၏ အသံမှာ ရှင်ဘုရင်များ၏ ရာဇသံပေးတတ်သော အသံကဲ့သို့ ဩဇာ သက်ရောက်အား ပြင်းလွန်းသော အသံမျိုး ... တစ်မျိုးတစ်ဖုံ နားထောင်ကောင်းသော်လည်း အရှိန်အဝါတစ်ခု ကိန်းအောင်းနေသည်။
"မင်းကို ပစ်ပေးလို့ ပြောနေတာ မကြားဘူးလား။"
ကြောင်အစွာ ငေးနေမိသည့် သူ့အနားသို့ မည်ကဲ့သို့သော အလျင်မျိုးဖြင့် ရောက်ရှိလာမှန်း မသိရသော ကောင်လေးသည် လေသံခပ်တင်းတင်းဖြင့် ပြောလိုက်မှ သူ သတိပြန်ဝင်လာသည်။
YOU ARE READING
လမင်းခြေသံ { Completed }