လှိုင်း ရေမိုးချိုး ၊ ကျောင်းဝတ်စုံ လဲပြီး စာအုပ်တွေကအစ အချိန်စာရင်းအတိုင်း အကုန် ထည့်ပြီးသည့်တိုင်အောင် မာန်က မထသေး။ နာရီကို လှမ်းကြည့်တော့ ၆ နာရီခွဲ နေလေပြီ။ ကျောင်းက ၇ နာရီ တက်သည်ကို ... သည်လိုနှင့် ကျောင်းနောက်ကျတော့မှာပဲ။
"အန်တီဝင်း ... ကိုရိပ်က မထသေးဘူးလားဗျ။"
မနက်စာ ပြင်နေသည့် ဒေါ်ဝင်းကို ကူညီပေးရင်း မေးတော့ ဒေါ်ဝင်းက ခေါင်းခါပြသည်။
"မာန်က အအိပ်မက်တယ် သားရဲ့။ အန်တီဝင်း ခုနက တစ်ခေါက် ထပ်သွားနှိုးပြီးပြီ။ မထသေးဘူးတဲ့။"
"ဒါဖြင့် ... ကျွန်တော် သွားနှိုးလိုက်ရမလား။"
"သား သွားနှိုးရင် နှိုးကြည့်လေ။ အန်တီဝင်းက ငယ်ငယ်ကတည်းက မာန့်ကို ချီပိုး ထိန်းကျောင်းလာတာဆိုတော့ အဲ့ကလေးက အန်တီဝင်း စကားဆို တစ်ခါတလေ နားမထောင်ဘူး။"
"ဒါဆို ကျွန်တော် တက်သွားလိုက်မယ်နော် အန်တီဝင်း။"
"အေး အေး"
လှိုင်း အိမ်ပေါ်ထပ်သို့ အမြန် တက်လာလိုက်သည်။ တစ်ခါမှ ကျောင်းမနောက်ကျဖူးသည်ကို ယခုတော့ အိပ်ရာပင် မထသေးသည့် မာန့်ကြောင့် နောက်ကျတော့မည်။ လှိုင်း၏ အတန်းပိုင်ဆရာမက ကျန်သည့်အချိန်ဆိုလျှင် သဘောကောင်းသော်လည်း ကျောင်းနောက်ကျလျှင်တော့ ခွင့်မလွှတ်တတ်။ ကျောင်းနောက်ကျလျှင် အတန်းထဲ ပေးမဝင်ဘဲ မနက်ပိုင်း ပထမဆုံးစာသင်ချိန် ဖြစ်သည့် သူမ၏ သင်္ချာအချိန် တစ်ချိန်လုံး အတန်းရှေ့ မတ်တပ်ရပ်ခိုင်းကာ ဒဏ်ပေးတတ်သည်။
လှိုင်း မာန်၏ အခန်းတံခါးကို ဖွင့်ကြည့်တော့ ပြာလွင်လွင် ဇာခြင်ထောင်ထဲ အရုပ်တွေ ဖက်ရင်း အိပ်မောကျနေဆဲ ဖြစ်သည့် မာန်။
"တကယ်ကို မထသေးတာပဲ ... အိပ်ပုပ်ကြီးလိုက်တာ ကိုရိပ်ရယ်။"
မာန့်အနား လှိုင်း ဖြည်းညည်းစွာ ချဉ်းကပ်ပြီး ခြင်ထောင်ကို လှန်ကာ အထဲဝင်လိုက်သည်။ ဆရာမ အပြစ်ပေးမခံချင်၍သာ ခွင့်မတောင်းဘဲ အခန်းထဲထိ ကျူးကျော်ဝင်ရောက်လာပြီးမှ မာန့်ကို နှိုးရမည့်အချိန်ကျ လှိုင်း ချီတုံချတုံ ဖြစ်နေရသည်။
YOU ARE READING
လမင်းခြေသံ { Completed }