အပိုင်း {၂၆} (UNICODE)

374 21 2
                                    

ကျောင်းစဖွင့်ချိန် ဖြစ်သော်လည်း မာန်တို့မှာ မအားလပ်ရ။ စာကျက်ဝိုင်းမှ စာမေးပွဲများ ဆက်တိုက် လာနေသောကြောင့် စာအုပ်နှင့် မျက်နှာပင် မခွါနိုင်ကြ။ မာန့်ထက် စာလျှင် လှိုင်းမှာ စာမေးပွဲဇော ပိုကပ်သူ ဖြစ်သည်။ နွေရာသီ ၃ လအတွင်း သင်ထားခဲ့သမျှ စာများကို ဘာသာစုံ နားလည်အောင် လိုက်လုပ်ဖို့ဆိုသည်မှာ လွယ်ကူလှသည် မဟုတ်။

တကယ်တော့ လှိုင်းကို စာကျက်ဝိုင်းမှ ဆရာ ၊ ဆရာမများက စာမေးပွဲ မဖြေခိုင်းသေးဘဲ လှိုင်းကို စေတနာ ပါပါနှင့် အခကြေးငွေ ထပ်မယူဘဲ အချိန်ပို ခေါ်ကာ စာပြန်သင်ပေးကြသည်။ သို့ပေမဲ့ ခက်သည်က ပါလေရာ ငါးပိချက် ဝင်လုပ်သည့် လှိုင်းသံစဉ်ပင်။ စစ်သမျှ စာမေးပွဲတိုင်း သူများနည်းတူ သူ ဝင်ဖြေသည်။ ဝင်ဖြေပြန်တော့ လှိုင်း မသင်ရသေးသည့် စာများမှာ သင်ပြီးသားစာများထက် ပိုအလေးသာနေလေရာ စာမေးပွဲများ၌ အမှတ်က မကောင်း။ သို့သော်လည်း လှိုင်းမှာ ငြီးတွားခြင်း မရှိဘဲ မရရအောင် အားကြိုးမာန်တက် စာလုပ်မြဲ ဖြစ်သည်။ ထိုကောင်စုတ်လေးသည် ဤသို့နှယ် ခေါင်းမာတတ်သေး၏။

လှိုင်း ဆယ်တန်း၌ ဘာသာစုံ ဂုဏ်ထူးမထွက်မည်ကို ကာယကံရှင်နည်းတူ မာန်လည်း စိုးရိမ်သည်။ သို့ဖြစ်၍ ကျောင်းမှ စာကျက်ဝိုင်း ၊ စာကျက်ဝိုင်းမှ အိမ်သို့ ပြန်ရောက်လျှင် မာန်သည် အရင်နှစ်များကဲ့သို့ တစ်ရေးပင် ပြန်မအိပ်နိုင်ဘဲ လှိုင်းကို သူ တတ်နိုင်သလောက် စာပြန်ရှင်းပြရသည်။ လှိုင်းကလည်း တစိုက်မတ်မတ် စာလိုက်နားထောင်သည့်အပြင် ကျန်သည့် နေရာတွင် တုံးသလောက် ကျောင်းသင်ခန်းစာဆိုလျှင် သဘောပေါက် နားလည်လွယ်သူ ဖြစ်သဖြင့် စာရှင်းပြရသည့်သူကို အားမလျော့သွားစေ။

စာများကို မှီအောင် လိုက်နေရသဖြင့် တစ်နေ့ ၂၄ နာရီ ၊ တစ်ပတ် ၇ ရက်ပင် လှိုင်းအတွက် မလောက်ငချင်သည့် ကာလ၌ ဦးမင်းဉာဏ်ကို ညစာကျွေးရခြင်းနှင့် အိမ်အလုပ် ဝိုင်းကူခြင်း အခြင်းအရာများအတွက်ပါ အချိန်ဖဲ့ပေးနေရသောအခါ စာက ရှေ့သွားသင့်သလောက် မသွားပေ။ အမှန်တော့ ဦးမင်းဉာဏ်ကို ထမင်းကျွေးခြင်း အမှုနှင့် အိမ်သန့်ရှင်းရေးသည် ဒေါ်ဝင်းတစ်ယောက်တည်း လုပ်လျှင် ရသော်လည်း ဒေါ်သီတာ၏ အမိန့်ကြောင့် မာန်လည်း ဝင်ရောက် စွက်ဖက်၍ မကောင်း။ ထို့ကြောင့် လှိုင်းမှာ စာကျက်ရ ၊ သင်္ချာတွက်ရနှင့် မအားလပ်သည့် ကြားမှ ဦးမင်းဉာဏ်ကို ညစာကျွေးပြီး တစ်အိမ်လုံးရှိ အဝတ်များကို မီးပူတိုက်ခြင်း ၊ တစ်အိမ်လုံး တံမြက်စည်းလှဲခြင်းတို့ကို လုပ်ကိုင်နေရသောကြောင့် မာန့်မှာ အကြံဉာဏ် ထုတ်ရတော့သည်။

လမင်းခြေသံ { Completed }Where stories live. Discover now