အပိုင်း {၁၆} (UNICODE)

468 27 1
                                    

အဋ္ဌမတန်းသည် အစိုးရစစ် ဖြစ်သည့်အလျောက် ကျောင်းသူ ကျောင်းသားများသည် စာကိုသာ တစိုက်မတ်မတ် လုပ်ကြသည် ဆိုသော်ငြား စုံညီပွဲတော်နှင့် ကြုံကြိုက်လာချိန်မှာလည်း မဖြစ်မနေ ပါဝင်ဖြစ်ကြသည်။ မာန်တို့ အုပ်စုထဲတွင်တော့ မာန်ရိပ်မော် ၊ မိုးထက်ပိုင်နှင့် နန်းသော်တာတို့က ၈ တန်းကျောင်းသူကျောင်းသားများ၏ ဇာတိမာန် သီချင်းဆို ဖျော်ဖြေမှု၌ ပါဝင်ကြသည်။ ဘုန်းသွင်နှင့် လှိုင်းမှာမူ ထိုကဲ့သို့သော ပါဝင်ဖျော်ဖြေခြင်းမျိုးကို မနှစ်သက်တတ်သည်မို့ ဆုယူရန် ရှိသည်တောင် စုံညီပွဲ၏ သဲတစ်မှုန်အဖြစ် ကူညီ အားဖြည့်ခြင်း မရှိခဲ့။

အတန်းမတူသည်မို့ မာန် ဇာတိမာန် သီချင်း ဆိုမည်ဟု စာရင်းပေးထားသည့်အကြောင်း ကျောင်းဆင်းမှ လှိုင်း သိခဲ့ရသည်။ သိလိုက်ရတော့လည်း တားမြစ်ခြင်းတော့ မပြုမိပါ။ လှိုင်းအတွက်တော့ သူ့ဆန္ဒသည် မာန့်အလိုနှင့် ထပ်တူကျသည်။ မာန့်ကို စက္ကန့်တိုင်း ပျော်ရွှင်စေချင်သည်။ ကုန်ဆုံးသွားသော အချိန်တွေနှင့်အတူ မာန့်၏ ပျော်ရွှင်မှုများကို တစ်ပါတည်း စီးဆင်းသွားစေချင်သည်။

ယခုလည်း သူ၏ မင်းသားလေးက အအေး သောက်ချင်သည်ဟု ဆိုသဖြင့် အအေးဝယ်ရန် တန်းစီနေရသည်။ စုံညီပွဲတော်ဖြစ်သည့်အလျောက် အတန်းငယ် ကလေးများကိုပါ မြင်တွေ့နေရသဖြင့် လှိုင်းသည် ဤကျောင်းကို မပြောင်းခင်က သူ၏ ငယ်စဉ်က ကျောင်းသားဘဝကို ပြန်အမှတ်ရသွားသည်။ စုံညီပွဲတော်ကို အဖွားနှင့်သာ အတူ လာဖူးသည်။ အများအမြင်တွင်တော့ သူ၏ မိသားစုဝင်သည် အဖွားတစ်ယောက်တည်းသာ ရှိသည့်ဟန်။ အဖေသည် ဘယ်သောအခါမှ စုံညီပွဲကို လိုက်လေ့မရှိ။ မလိုက်ဆို လှိုင်း၏ အစ်ကို နှစ်ယောက်သည်လည်း ဘယ်သောအခါမှ ဆုမယူရသောကြောင့်ပင်။ သို့ဖြစ်၍ ဆုယူရန် စုံညီပွဲကို တက်ရောက်ချိန်တိုင်း အဖွားကသာ အဖော်လိုက်ပေးခဲ့သည်။ တကယ်တော့ သူ့အတွက်လည်း အဖွားတစ်ယောက် ရှိလျှင်ပင် အရာရာ ပြီးပြည့်စုံပါ၏။

ယခုတော့ အဖွား မရှိသည့် စုံညီပွဲသည် အနည်းငယ်တော့ လွမ်းဆွတ်စရာကောင်းနေသား။ သူ ဆုတက်ယူလျှင် စင်အောက်မှ ပီတိပြုံး ပြုံးကာ လက်ခုပ်တီးပေးမည့် နွမ်းလျလျ ပုံရိပ်သည် အတိတ်၌သာ နေသားကျနေလေပြီ။

လမင်းခြေသံ { Completed }Where stories live. Discover now