အပိုင်း {၂၉} (UNICODE)

384 23 2
                                    

နောက်တစ်နေ့၌ ဦးပြုံးက မာန့်ကို စာလာပေးသည်။ မာန့်စာလည်း တံခါးကြား မရှိတော့ ဟု ဆိုသည်။ မာန် ဦးပြုံးဆီမှ စာလှမ်းယူစဉ် သကြားလုံးတစ်လုံးမှ မတွေ့သဖြင့် မျက်မှောင်ကြုတ်လိုက်မိသော်လည်း စာအိတ်ကို စမ်းကြည့်ရာ အဖုအထစ်များ ခံစားလိုက်မိသည်။ ထို့ကြောင့် အခန်းထဲထိ မသွားသေးဘဲ ခြံဝင်းထဲရှိ ဒန်းပေါ်၌ပင် စာအိတ်ကို ဖွင့်ဖောက်ကြည့်လိုက်သည်။ ထွက်ကျလာသော သကြားလုံးများသည် အရေအတွက်အားဖြင့် နှစ်လုံးတည်းသာ။ ဒါကရော ဘာအချိုး ချိုးပြန်တာလဲ။ မာန် အချိန်မဆွဲနေတော့ဘဲ စာကို ဖွင့်ဖတ်ကြည့်လိုက်သည်။

(3)
ကိုရိပ် ...
ကိုရိပ် ပေးတဲ့ စာ ကျွန်တော် ရတယ်။ စိတ်ဆိုးမပြေသေးမှန်းလည်း ကျွန်တော် သိပါတယ်။ ကျွန်တော် ..ပြန်လာမှ ကိုရိပ်ကို ချော့ပါ့မယ်ဗျာ။ ခုတော့ ကျွန်တော့်ကို ကိုရိပ် ပေးတဲ့ အပြစ်ဒဏ်အနေနဲ့ သကြားလုံးလေးတွေပဲ စားပြီး ဖြေသိမ့်နော်။ သကြားလုံးဆိုမှ ကျွန်တော် နှစ်လုံးပဲ ထည့်ပေးလိုက်တယ်နော် ကိုရိပ်။ တစ်နေ့ ဆယ်လုံးစားရင် ကိုရိပ် ချောင်းတွေ ဆိုးကုန်မှာပေါ့ဗျာ။ တစ်နေ့ နှစ်လုံးပဲ စားပါနော် ..ကိုရိပ်က လိမ္မာပါတယ်။
ကိုရိပ် ထပ်ပေးချင်တဲ့ အပြစ်ဒဏ်တွေကို ကျွန်တော် မစဉ်းစားတတ်ဘူးဗျ။ ကျွန်တော့်မင်းသားလေး ပြောချင်တာ ရှိရင် နောက်စာမှာ ထည့်ရေးလိုက်ပါ ... ကျွန်တော် ကိုရိပ်စကားဆို နားထောင်တာ သိတယ်မလား ကိုရိပ်။
ကိုရိပ်ကို စက္ကန့်တိုင်း သတိရနေတဲ့
ကိုရိပ်ရဲ့ ပုတက်

ပြောတော့ မာန့်စကား နားထောင်တယ် ဆိုပြီး ထည့်ပေးလိုက်သည့် သကြားလုံးကျ နှစ်လုံးတည်း ... ဒါလား စကားနားထောင်တာ။ ဘုရားစူး စကားကို မြေဝယ်မကျ လိုက်နာသည့် အကောင်။ မာန့်ကို ပြောချင်သလို ပြောပြီးမှ နောက်ဆုံးကျ သတိရတယ် ဆိုသည့် အကြောင်းကို မပါမဖြစ် ထည့်ရေးထားသဖြင့် ထွက်နေသည့် ဒေါသများ ဘယ်တောခိုသွားသည် မသိ။

လမင်းခြေသံ { Completed }Where stories live. Discover now