အပိုင်း {၃၅} (UNICODE)

411 26 0
                                    

မာန် မနက် အိပ်ရာနိုးသည်နှင့် လှိုင်းသံစဉ်ကို အနားမှာ မတွေ့သဖြင့် မျက်နှာသစ် ၊ သွားတိုက်ပင် မလုပ်နိုင်ဘဲ မေရတီ၏ အခန်းတံခါးကို သွားခေါက်ရသည်။ မာန် တံခါးကို ကြိမ်ဖန်များစွာ ထပ်ခါ ထပ်ခါ ခေါက်ပြီးမှ အခန်းတံခါးက ပွင့်လာသည်။ ထိုအခါ မြင်လိုက်ရသည့် မေသည် သူ့အား အိပ်မှုန်စုံမွှားဖြင့် ကြောင်ကြည့်နေလေသည်။

"ကိုမာန် ..ဘာကိစ္စရှိလို့လဲ။"

"လှိုင်းသံစဉ်ရော။"

"မေ မသိဘူးလေ ကိုမာန်ရဲ့။ မေက ကိုမာန် တံခါးခေါက်မှ နိုးတာ။"

သူမ၏ ပါးစပ်ကို လက်ဖြင့် အုပ်ကာ သန်းဝေရင်း ဗလုံးဗထွေး လေသံဖြင့် မေက ပြန်ပြောသည်။ မာန်သည် သူမအား ကျော်၍ အခန်းထဲ ဝေ့ဝဲကြည့်ပြန်တော့လည်း ပန်းနုရောင် သုတ်ထားသည့် အခန်းကျယ်မှာ လူသူကင်းမဲ့နေလေသည်။

"ကိုလှိုင်း ပျောက်နေလို့လားဟင်။"

မာန့်အား မေရတီက မျက်လုံးလေး ကလည် ကလည်ဖြင့် မေးလာရာ မာန်သည် စိတ်ရှုပ်သလို တစ်ချက် ကြည့်ပြီး ဘာမပြော ညာမပြောဖြင့် ဇွဲမာန်ဟိန်းအခန်းဆီသို့ ဦးတည်သွားသည်။ ပြီးနောက် ဟိန်း၏ အခန်းတံခါးကို မပွင့်လာမချင်း တရစပ် အဆက်မပြတ် ခေါက်နေသည်။ ဘာမှန်းလဲ မသိ ... မာန်က မနက် ၇ နာရီကျော်ကြီး သူများအခန်းတွေကို တံခါးလိုက်ခေါက်နေသည်။ မေလည်း အိပ်ရေးမဝသေးသဖြင့် အခန်းတံခါးကို ပြန်ပိတ်ကာ ပြန်သွားမှေးနေသဖြင့် မာန်၏ နောက်ဆက်တွဲ လုပ်ရပ်များကို သူမ မသိတော့။

"လှိုင်းသံစဉ်ရော။"

တံခါးပွင့်လာသည်နှင့် ခပ်ဆတ်ဆတ် မေးလိုက်သည့် မာန်ကြောင့် အင်္ကျီဖြင့် မျက်မှန်ဝိုင်းများကို သုတ်နေသည့် အိပ်ချင်မူးတူး ဖြစ်နေသော ဟိန်းသည် မာန့်အား မျက်မှောင်ကြုတ် ကြည့်လိုက်မိသည်။

"ငါ ဘယ်သိမလဲ မာန်ရ။ သံစဉ့်ကို မတွေ့တော့လို့လဲ။ ငါ ဝိုင်းရှာပေးမယ်လေ။"

မျက်မှန်ဝိုင်းကို ကောက်တပ်ပြီး စိုးရိမ်တကြီး ဟန်ပန်ဖြင့် အခန်းပြင်ထွက်ရန် ပြင်နေသည့် ခြေလှမ်းများသည် မာန့်၏ စကားကြောင့် တန့်သွားရသည်။

လမင်းခြေသံ { Completed }Where stories live. Discover now