အပိုင်း {၁၀} (UNICODE)

658 26 0
                                    

၈/၄/၂၀၀၆ (စနေနေ့)

မာန်၏ ၁၃ နှစ်ပြည့် မွေးနေ့ကို အိမ်၌ မိုးထက်ပိုင် ၊ ပိုင်မြတ်ဘုန်းသွင်နှင့် နန်းသော်တာမိုင်တို့ကိုသာ ဖိတ်ပြီး အချိန်ကုန်ဆုံးဖြစ်သည်။ ဖေဖော်ဝါရီလတုန်းက ဘုန်းသွင်၏ မွေးနေ့တုန်းကကဲ့သို့ သူငယ်ချင်းအနည်းစုနှင့်သာ ကျင်းပသော မွေးနေ့ပွဲ ဖြစ်ရာ လူစည်လှသည် မဟုတ်သော်လည်း မာန် လူမရှုပ်သည်ကို သဘောကျ၏။ မိုးထက်၏ မွေးနေ့တုန်းကလို လူအမြောက်အမြားဖြင့် ရုတ်ရုတ်သဲသဲ ဖြစ်နေလျှင် မာန် စိတ်ရှုပ်လာတတ်သဖြင့် မွေးနေ့တိုင်း အချစ်ဆုံး သူငယ်ချင်းများနှင့်သာ ဖြတ်သန်းဖြစ်သည်။ ယခုနှစ် မွေးနေ့၌လည်း ထိုနည်းတူစွာပင်။

"Happy Birthday ကိုရိပ်"

မွေးနေ့ဆုတောင်းစကားကို မနက်ကလည်း ဖခင် ဖြစ်သည့် ဦးသော်ကထက် အရင်ဦးအောင် လှိုင်း မာန့်ကို ပြောခဲ့သည်။ ယခုလည်း သူငယ်ချင်းများ ပြန်သွားချိန်၌ တစ်ဖန် ပြောနေပြန်သည်။

"မင်း ငါ့ကို ဘယ်နှစ်ခါ Happy birthday လုပ်နေမှာလဲ။"

"ကျွန်တော် ကိုရိပ်ကို ပေးစရာ ရှိလို့ပါဗျ။"

"ဘာလဲ"

"ပြမယ် ..ဒီမှာပဲ ခဏစောင့်နော် ကိုရိပ်။ ကျွန်တော် ခုချက်ချင်း ပြန်လာခဲ့မယ်။"

လှိုင်းသံစဉ်တို့များ တစ်ယောက်တည်း ယောက်ယက်ကို ခတ်နေရော။ ပြောပြောဆိုဆိုနှင့် အိမ်ထဲသို့ ပျာပျာသလဲ ပြေးဝင်သွားပြီး တစ်ခဏလေးအတွင်း ခြံဝင်းထဲ ပြန်ရောက်လာသည်။ ခြံဝင်းထဲ ထွန်းထားသည့် ဝါကြန့်ကြန့် မီးရောင်အောက် မြင်နေရသည့် လှိုင်းသံစဉ်မှာ လက်နှစ်ဖက်ကို နောက်ဝှက်ထားပြီး ချီတုံချတုံ မျက်နှာဘေးနှင့် မာန့်ကို မော့ကြည့်နေသည်။ အဲ့လို နှေးကွေးတာမျိုးကို မာန် စိတ်မရှည်တာ။

"မင်း ပေးမယ်ဆိုတာ ဘာလဲ။ မပေးရင် ငါ အပေါ်တက်တော့မယ်။"

ဟုတ်တယ် ... လူက သိချင်နေပါတယ် ဆိုမှ ဤငကြောင်လေးက အလိုက်ကမ်းဆိုးကို မသိ။ လှိုင်းသည် မာန်နှင့် စတွေ့ကတည်းက စကားပြောလျှင် တွန့်ဆုတ်တွန့်ဆုတ် ဖြစ်ရုံမက အပြုအမူများသည်လည်း နှေးကန်နေတတ်သည်။

လမင်းခြေသံ { Completed }Where stories live. Discover now