စာမေးပွဲ ဖြေပြီးသည်နှင့် လှိုင်း၏ စိတ်အစဉ်တို့သည် ခဲ (ဂဲ) ဆွဲထားသည့်နှယ် လေးလံနေသည်။ ဟိုတစ်လောက သန့်သူရ ဖုန်းဆက်ပြီးကတည်းက မရောက်ချင်ဆုံး ဖြစ်သည့် အချိန်ကာလကို ယခု ထိပ်တိုက်ရင်ဆိုင်နေရပြီ ဖြစ်၍ စာမေးပွဲကို ကောင်းမွန်စွာ ဖြေဆိုနိုင်သည့်တိုင်အောင် လှိုင်းမှာ ပြုံးရယ်နိုင်ခြင်း မရှိ။ မာန့်ကို သူ ဘယ်လိုသတ္တိမျိုးဖြင့် ဖွင့်ဟရပါ့မည်နည်း။ ဆံပင်ကောက်ကောက်များကို အရှည်ထားနေရင်းမှ စာမေးပွဲကာလအတွင်း စိတ်ရှုပ်သည်ဟု ဆိုကာ အတိုပြန်ညှပ်ထားရာ ယခုမူ ခွေလိမ်နေသည့် ဆံပင်တိုများသည် လည်ကုတ်၌ မရှိတော့ဘဲ ဦးခေါင်းထက်၌သာ ခပ်အုပ်အုပ် ရှိနေတော့သည်။ ဆံပင်ကောက်များသည် သေချာ ဖြီးသင်ထားသည့်တိုင်အောင် ခပ်ဖွာဖွာ တည်ရှိနေသော်လည်း မာန်သည် နွေလည်ခေါင် ဖြာကျနေသည့် နေမင်း၏ အာဏာစက်၏ အကူအညီဖြင့် အရှိန်အဝါ တောက်ပနေမြဲ ဖြစ်သည်။
စာမေးပွဲပြီးသည်နှင့် ဘုန်းသွင်က တစ်နေရာရာ သွားရန် ဆွယ်တရား ဟောရာ မာန်က ရွှေတိဂုံဘုရား တက်မည်ဟု မတုံ့မဆိုင်း ပြောလိုက်သဖြင့် စိတ်ဝင်တစား နားထောင်နေသည့် မိုးထက်က မျက်မှောင်ကြုတ်သွားသည်။
"ဘုရားပေါ် ဘာသွားလုပ်မှာလဲ တရုတ်ကြီးရ။ စာမေးပွဲအပြီးကို ရုပ်ရှင်ရုံလောက်တော့ သွားမှာပေါ့ ..ငါ ပြောတာ ဟုတ်တယ်မလား စန်း။"
မိုးထက်ပိုင် ဆိုသည်မှာ ဘယ်အချိန်မဆို သူ စန်း (sun) ဟု ထူးထူးခြားခြား ခေါ်သည့် ရှိုင်းနောင်ခန့်ကို အဖော်ညှိဖို့ မမေ့။ ရှိုင်းနောင်ခန့် ဆိုသည်မှာလည်း သူ့ဗီဇအတိုင်း အမြဲတစေ ငြင်းဆန်စကား ဆိုဖို့ မပျက်ကွက်ဖူး။
"ကိုယ်ကတော့ အိမ်ပဲ ပြန်ချင်ပြီ ရိန်း။ လက်ကို လွှတ်။ ကိုယ် သွားတော့မယ်။"
"နိုး နိုး မလွှတ်ပါဘူး။ မင်း အိမ်လည်း မပြန်ရဘူး။ စာမေးပွဲကြီး ဖြေပြီးသွားတာ အမှတ်တရ ဖြစ်အောင် တစ်နေရာရာတော့ သွားရမှာပေါ့ ဘေဘီရ ..မဟုတ်ဘူးလား။"
'ဘေဘီ' ဆိုသည့် အခေါ်အဝေါ်ကြောင့် ရှိုင်းက ဘာမှ ထပ်မပြောဘဲ မိုးထက်ကို မျက်စောင်းသာ ထိုးသည်။ တည်တင်းထားသော မျက်နှာထားသည် တင်းတင်းစေ့ထားသော နှုတ်ခမ်းများသည် ဒေါသထွက်နေမှန်း သိသာစေသည်။ ထို့အပြင် အရယ်အပြုံး မရှိသည့် မျက်နှာသည်လည်း တည်ကြည်လေးနက်မှုကြောင့် မြင်တွေ့ရသူတို့၏ စိတ်ကို အရှိန်အဝါတစ်ခု သက်ရောက်စေသည်။ ရှိုင်းက ရှုပ်ရှုပ်ယှက်ယှက်တွေ မကြိုက်သည်ကို အလိုက်မသိသော မိုးထက်ပိုင်ကတော့ မလွှတ်တမ်း ဆွဲထားသော ရှိုင်း၏ လက်မောင်းကို လွှတ်ပေးရန် စိတ်မကူးဘဲ သူ လုပ်ချင်သည့် အစီအစဉ်ကိုသာ ပရမ်းပတာ ဆွဲနေသည်။
YOU ARE READING
လမင်းခြေသံ { Completed }