အပိုင်း {၁၄} (ZAWGYI)

144 7 0
                                    

တန်ဆောင်တိုင် ကျောင်းပိတ်ရက်သို့ ရောက်လာပြီ ဖြစ်သည်။ မာန်ရိပ်မော်တစ်ယောက် သူမတူအောင် မြူးထူးနေလေသည်။ ယနေ့ည လမ်းမတော်ပွဲဈေးသို့ သွားကြမည်။ အရင်နှစ်တွေက လူကြီး မပါသဖြင့် မာန့်မှာ ပွဲဈေးမသွားရ။ ယခုနှစ်တော့ တန်ဆောင်တန် ကျောင်းပိတ်ရက်၌ ဒေါ်သူဇာဝင်းတို့ သားအမိသည် မန္တလေးရှိ နန်းသော်တာမိုင်၏ ဖခင်ဖြစ်သူ ရှိရာဆီသို့ မသွားဖြစ်ကြ။ သို့ဖြစ်၍ ပွဲဈေးသို့ ဒေါ်သူဇာဝင်းက လိုက်ပို့ပေးမည် ဆိုသဖြင့် မာန် အပျော်ကြီး ပျော်နေလေသည်။

လမ်းမတော်သားဖြစ်သည့် လှိုင်းကမူ ပွဲဈေးနှင့် ကြုံကြိုက်သည်မှာ အခါခါပင်။ ပွဲဈေးနှင့် မစိမ်းသည့် သူက ပွဲဈေးကို တိုက်ခန်းဝရံတာမှတစ်ဆင့် နှစ်တိုင်း ငုံ့ကြည့်ဖူးသော်လည်း ပွဲဈေးအဆုံးထိ လျှေက်ရန် မဆိုထားနှင့် ၊ အိမ်နှင့် အနီးတစ်ဝိုက်၌ပင် မလျှောက်ဖူး။ ပွဲဈေးနေ့များ၌ အဖေတို့က အိမ်မကပ်တတ်သည်မို့ သူကသာ နေမကောင်းသည့် အဖွားနှင့် အိမ်မှာ သောင်တင်ခဲ့ရသည်။ အဖွားကတော့ ပွဲဈေးမီးရောင် စုံစုံလင်လင်ကြားရှိ များစွာသော လူများကို ဝရံတာ ထွက်ငေးနေတတ်သည့် သူ့အား အောက်ဆင်းပြီး အနီးအနား လျှောက်ကြည့်ရန် ခဏ ခဏ ပြောဖူးပါသေးသည်။ သို့ပေမဲ့ သူ အဖွားကို စိတ်မချ။ သူမရှိတုန်း အိမ်၌ တစ်ခုခု ဖြစ်သွားမည်ကို စိုးရိမ်သည်။ သူကသာ ထိုအချိန်များ၌ အတွေးများပြီး အစိုးရိမ်လွန်နေသော်လည်း တကယ်တမ်း အဖွား သူ့ရှေ့ ရောဂါဖောက်ချိန်တွင်တော့ အဖေတို့ မရှိသည့် တိုက်ခန်းအတွင်း သူ့မှာ တစ်ယောက်တည်း ကူကယ်ရာမဲ့။ သူ့လက်များကို တင်းတင်းဆုပ်ကိုင်ထားခဲ့သည့် အဖွား၏ လက်များသည် ပိန်လှီနေသော ရောဂါသည်တစ်ယောက်၏ ခွန်အားနှင့် မလိုက်ဖက်စွာ တင်းမာလွန်းနေခဲ့သည်။ သူ့ကို အကူအညီ သွားမခေါ်ရန် ရှိသမျှ အားနှင့် ဖမ်းဆုပ်ထားသည့် အဖွားသည် သူမ၏ နောက်ဆုံးအချိန်ကို ရောက်နေပြီမှန်း နားလည်သဘောပေါက်နေဟန်ဖြင့် သူ့အား အဖေတို့နှင့် အဆင်ပြေပြေ နေရန်ကိုသာ အတန်တန် မှာတမ်းခြွေခဲ့သည်။ သူ့ဘက်မှ စိတ်မပူရန် အထပ်ထပ် ပြောပြီးနောက်၌တော့ အဖွားသည် စိတ်ချသွားဟန်ဖြင့် သူ့လက်ထဲ၌ပင် သူ့ကို နှုတ်ဆက်ထွက်ခွါသွားခဲ့သည်။ သူ့ကို မွေးရင်း အမေ ဆုံးခဲ့ရသည့်အပြင် သူ့ကို သိပ်ချစ်သည့် အဖွားကိုလည်း သူ မကယ်တင်နိုင်ခဲ့ ... ဤကမ္ဘာပေါ်၌ သူ့လောက် အသုံးမကျသည့်သူ ရှိပါလေဦးမလား။

လမင်းခြေသံ { Completed }Where stories live. Discover now