အပိုင်း {၄၅} (UNICODE)

493 30 2
                                    

"ဟယ်လို မာန် ..မလာသေးဘူးလား။"

ဖုန်းကို လက်ခံစကားပြောလျှင် အနား၌ သူစိမ်းတရံမရှိချိန်တိုင်း စပီကာ ဖွင့်တတ်သည့် မာန့်အကျင့်ကြောင့် စပီကာမှ ကျယ်ကျယ်လောင်လောင် ပျံ့လွင့်လာသည့် စကားသံသည် ကားတွင်း ဖြန့်ကျက်နေရာယူထားသည့် City FM မှ သီချင်းသံတိုးတိုးကို အံတုကာ မာန်တို့ နားထဲ တိုးဝင်လာသည်။

"ငါ လာနေပြီ ဘုန်းမြတ်။ လာလောမနေနဲ့ဟ ..ဒီမှာ ကားတွေ ပိတ်နေလို့။ ငါတို့ ရောက်တော့မယ် ဒါပဲ။"

မာန် ဖုန်းကို အရင် ချပစ်လိုက်သည်။ တကယ်တည်း ... အတန်းမစခင် ရန်ကုန်တက္ကသိုလ်ဘက် လမ်းသလားမည့်အရေးကို လောကြီးသုတ်ဖျာဖြင့် ဖုန်းခေါ်နေသည်မှာ တတီတီ တတီတီနှင့်။ ဆေးကျောင်းသားတွေ ပိုက်ဆံပေါနေလို့ ဖုန်းဘေလ်များများကျအောင် တစ်ယောက်ချင်းစီ မာန့်ကို မနားတမ်း ဖုန်းဆက်နေကြသည်လား မသိ။ မာန် ဖုန်းချပြီး ဘေးရှိ လှိုင်းကို တစ်ချက် လှမ်းကြည့်တော့ ရှေ့ကိုသာ ရှုတည်တည်ကြည့်ရင်း ကားမောင်းနေသည့် လှိုင်းသည် ရေသေပမာ တည်ငြိမ်နေလျက်။

"ငါတို့ ဒီနေ့ ရန်ကုန်တက္ကသိုလ်သွားမှာ ပုတက်။"

"ဟုတ် ကိုရိပ် ..ကျွန်တော် လိုက်ပို့ပေးရဦးမလား။"

မာန် ပြန်လိုချင်သည့် တုံ့ပြန်မှုက ခံစားချက်မပါသည့် မေးခွန်းတစ်ခုမှ မဟုတ်ဘဲ။ ရန်ကုန်တက္ကသိုလ်ကို သွားသည်ဆိုကတည်းက ဘာအတွက် သွားသည် ဆိုသည့် အကြောင်းအရင်းကို အသက် ၂၂ နှစ်ပင် ရှိနေပြီ ဖြစ်သော လှိုင်းသံစဉ်က မသိနိုင်ရိုးလား။ နေနိုင်သူကြီးစတိုင် လာဖမ်းနေသည့် လှိုင်းကြောင့် မာန် ကားမှန်ကို ကျော်ကာ ပတ်ဝန်းကျင်ကို မှင်သေသေ ကြည့်နေလိုက်ပြီး နှုတ်ခမ်းကို အနည်းငယ် စူထားလိုက်မိသည်။

"လာပါပြီ ကိုယ်တွေရဲ့ king ကြီး။ မျှော်လိုက်ရတာဗျာ။ ငါတို့က မင်း နောက်ဘုရား ပွင့်တော့မှ ရောက်လာမယ် မှတ်နေတာ။"

မာန် ကားပေါ်မှ ဆင်းလာသည်နှင့် မာန့်ဆေးကျောင်းမှ သူငယ်ချင်းသုံးယောက်က လက်ခုပ်တွေ တီးကြကာ လှမ်းအော်ခေါ်သည်။

လမင်းခြေသံ { Completed }Where stories live. Discover now