အပိုင်း {၅} (UNICODE)

717 44 1
                                    

ကျောင်းဆင်းခေါင်းလောင်း ထိုးပြီးသည်နှင့် ဦးစွာ ပထမ အတန်းထဲမှ ထွက်ရသည်ကား Grade-7 (A) ဖြစ်သည်။ (A) ခန်းထဲမှ ကျောင်းသားများ ကုန်သွားပြီး မကြာမီပင် နှစ်ယောက်တစ်တွဲ စီကာ (B) ခန်းထဲမှ ကျောင်းသူ ကျောင်းသားများ ထွက်လာကြသည်။

"လှိုင်းသံစဉ်"

နောက်ဆုံးမှ တစ်ကိုယ်တည်း လွယ်အိတ်ကြိုးကို ကိုင်လျက် ခေါင်းငိုက်စိုက် လျှောက်လာသည့် လှိုင်းသည် ရင်းနှီးသော ခေါ်သံ ကြား၍ မော့ကြည့်လိုက်မိရာ လှေကားထိပ်နား၌ နံရံကို မှီလျက် ရပ်နေသည့် မာန့်ကို တွေ့လိုက်ရသည်။

"ကိုရိပ်"

မာန်က ပုခုံးထက်ရှိ သူ၏ လွယ်အိတ်ကို ချွတ်ကာ လှိုင်းဘက်သို့ လွှဲပေးလိုက်သည်။ လှိုင်းလည်း မာန့်လွယ်အိတ်ကို ရှေ့မှ သိုင်းလွယ်ရင်း သူ့ကို သတ်တော့ ဖြတ်တော့မည့်နှယ် ရပ်ကြည့်နေသည့် မာန့်ရှေ့ ခေါင်းကို ငုံ့ကာ အကြည့်လွှဲထားလိုက်မိသည်။

"မင်း အိမ်ပြန်ရောက်တာနဲ့ သေဖို့ ပြင်ထား"

နား'နား ကပ်ပြောလာသည့် စကားသံမှာ ခပ်တိုးတိုး ဆိုသော်လည်း လှိုင်း၏ နားထဲ ပဲ့တင်ထွက်သွားသည်။ သေဖို့ မပြင်ခင် ယခု ရပ်နေသည့် နေရာမှာပင် လှိုင်း အငွေ့ပျံကာ ပျောက်ကွယ်ချင်နေမှန်း မာန် သိမည် မဟုတ်။ မာန်က ပြောပြီးသည်နှင့် လှေကားမှ အောက်သို့ ဆင်းသွားသဖြင့် လှိုင်း နောက်မှ လိုက်သွားလိုက်သည်။ လှေကားရင်း ရောက်သည်နှင့် မာန်က ခြေလှမ်းများကို တန့်လိုက်ကာ -

"နင် မပြန်သေးဘူးလား။"

"ကိုကိုးကို စောင့်နေတာ။"

"ငါ့ကို! ဘာလုပ်မလို့လဲ။"

"နင်က လှိုင်းသံစဉ် မလား။"

"ဟုတ်ပါတယ်။ လှိုင်းသံစဉ်ပါ။"

မာန်၏ အမေးကို မဖြေဘဲ မာန့်နောက်မှ ပါလာသည့် လှိုင်းကို သတိပြုမိသွားဟန်ဖြင့် မေးစမ်းလာသည့် မိန်းကလေးမှာ မာန်၏ အတန်းထဲမှ အတန်းဖော်တစ်ယောက် ဖြစ်မှန်း ကျောင်းအင်္ကျီမှ အတန်းတံဆိပ်ကို ကြည့်ခြင်းအားဖြင့် လှိုင်း သိလိုက်သည်။ သူမသည်လည်း တရုတ်မလေး ဖြစ်သည့်အတွက် ပါးမို့မို့နှစ်ဖက်မှာ သွေးရောင်ရဲနေသည့်အပြင် မာန်ကဲ့သို့သော သွေးကြောမျှင်လေးများ မြင်နေရသည်အထိ မျက်နှာအစ လက်ချောင်းများအဆုံး ဖွေးဆွတ်ကြည်လင်နေသည်။ ကျောင်းစိမ်း ထမီနှင့် အလင်းရောင်အောက် လင်းနေသည့် သူမသည် ခြုံငုံကြည့်ရလျှင် သိပ်ကို လှပသည့် မိန်းကလေးတစ်ယောက်မှန်း လှိုင်း ချက်ချင်း ကောက်ချက်စွဲလိုက်မိသည်။

လမင်းခြေသံ { Completed }Where stories live. Discover now