အပိုင်း {၄၈} (UNICODE)

467 27 5
                                    

ဗဟန်းမြို့နယ် ၊ နန္ဒာဝန်လမ်းထဲရှိ ယောဆရာတော်ကျောင်းတိုက်၏ နှစ်အိမ်ကျော်ရှိ သုံးထပ် သစ်သားအိမ်လေးသည် ယနေ့အဖို့ ဆူညံသံများ ကင်းစင်ကာ အေးချမ်းမှုတို့သည် အိမ်ရှင်ကောင်လေးနှစ်ယောက်၏ ရင်ထဲရှိ ငြိမ်းအေးမှုတို့၏ ပံ့ပိုးမှုကြောင့် ပို၍ပင် အားကောင်းနေလေသည်။ ရှပ်အင်္ကျီအဖြူနှင့် ပုဆိုးကို တွဲဖက်ဝတ်ဆင်ထားသည့် ကောင်လေးနှစ်ယောက်အနက် တစ်ယောက်ကတော့ စိုးရိမ်စိတ် ကုဋေကုဋာကို ရင်ဝယ်ပိုက်ကာ တိတ်တဆိတ် သောကမီးဝိုင်းနေလေသည်။

"လှိုင်း ..လှိုင်းသံစဉ်"

"ဗျာ ကိုရိပ်"

ပျာပျာသလဲ ပြန်ထူးလာသည့် လှိုင်းသည် မာန့်ခေါ်သံကြားမှ အသိစိတ်ပြန်ကပ်ဟန် တူသည်။ လေးထောင့်မျက်မှန်အောက်ရှိ ဝိုင်းစက်စက် မျက်လုံးလေးများဖြင့် ကြည့်လာပုံကိုက မာန့်ကို အချိန်တိုင်း နစ်မြောစေမိသည့် ဟန်ပန်။

"ငါ ခေါ်နေတာ မကြားရအောင် ဘာတွေ ဒီလောက် စဉ်းစားနေတာလဲ။"

"ကျွန်တော် ... ကျွန်တော် ကြောက်လို့ ကိုရိပ်။"

"ဘာကိုလဲ"

"ဦးတို့ကို ပြောပြလိုက်လို့ ဦးတို့က ကိုရိပ်ကို မုန်းသွားကြရင် ဘယ်လိုလုပ်မလဲဟင်။ ကိုရိပ်ကို အမွေဖြတ်တာတို့ ၊ သားအဖြစ်ကနေ စွန့်လွှတ်တာတို့ လုပ်ကြရင် ဘယ်လိုလုပ်မလဲ။"

"အဲ့တော့ရော ငါက ဘာကို ဂရုစိုက်ရမှာလဲ။ ငါ့အတွက် ဘာမှ မလိုဘူး လှိုင်း ..ပါပါးရဲ့ ပစ္စည်း ဥစ္စာတွေကိုလည်း ငါ မမက်ဘူး။ အဓိကက ငါ့အနားမှာ မင်း ရှိနေဖို့ပဲ လိုတာ။"

"....."

"မာန်ရိပ်မော်ရဲ့ လိုအပ်ချက်လေးက အမြဲတမ်း အနားမှာ နေပြီး ပါရမီဖြည့်ပေးမယ်မလား။"

"ကိုရိပ်သာ ခွင့်ပြုမယ်ဆိုရင် ... ကျွန်တော့်မှာ ငြင်းဆန်စရာ မရှိပါဘူး။"

မာန်က ခါးကိုင်းညွှန့်ကာ နွေးထွေးစွာ ပြုံးလျက်မေးတော့ နူးညံ့မှုတို့ ပျော်ဝင်နေသော မျက်ဝန်းညိုများဖြင့် စိုက်ကြည့်နေသည့် လှိုင်းသည် ခပ်တိုးတိုးသာ ဆိုသည်။ တိုးညှင်းညှင်းစကားသံအဆုံး မာန်သည် ဆံပင်များ ဖုံးအုပ်မထားသည့် လှိုင်း၏ နဖူးပြင်ပေါ်သို့ အနမ်းတစ်ပွင့်ကို မြတ်နိုးခုံမင်းခြင်းများစွာဖြင့် ခြွေချလိုက်သည်။

လမင်းခြေသံ { Completed }Where stories live. Discover now