အပိုင်း {၄၂} (UNICODE)

399 30 4
                                    

လှိုင်း အိပ်ရာနိုးသည်နှင့် စက္ကန့်မခြားပါဘဲ ဘေးရှိ ဖြစ်တည်မှုဆီသို့ အကြည့်ရောက်လိုက်မိရာ မြင်လိုက်ရသည်ကား သူ့ဘက် မျက်နှာမူကာ နှစ်ခြိုက်စွာ အိပ်မောကျနေသည့် မာန်ရိပ်မော်။ ဘယ်အချိန်မဆို ငေးကြည့်ချင်အောင် ဆွဲဆောင်နိုင်လွန်းသည့် ထိုလူသားသည် လှိုင်း မြတ်နိုးရသည့် တစ်ဦးတည်းသောသူ။ လှသွေးကြွယ်ကာ မူပိုင်ဟန်ကိုယ်စီနှင့် ညှို့ယူအားပြင်းသော မိန်းကလေးများထက် ထိုလူသားကိုသာ စွဲလမ်းနေမိသည့် သူ့အချစ်သည် ဖွင့်ဟပြောဆိုရန် အခွင့်မရှိလောက်သည်အထိ နိမ့်ကျနေသလားလေ။

"အဟမ်း"

ချောင်းဟန့်သံတိုးတိုး တစ်ချက် ကြားမှ လှိုင်းသည် မာန့်ကို တမေ့တမြော ငေးကြည့်နေရင်းမှ ချက်ချင်းဆိုသလို နောက်လှည့်ကြည့်လိုက်မိသည်။ ထိုအခါ မြင်လိုက်ရသည့် နန်းသော်တာသည် ခုတင်နှစ်ခုကြားရှိ လျှောက်လမ်းကျဉ်း၌ ရပ်ကာ သူ့အား လက်ပိုက်ကြည့်နေလေသဖြင့် လှိုင်း၏ နားရွက်ဖျားများ ရဲတက်လာရသည်။ ဟုတ်ပေသားပဲ ... မနေ့ညက နန်းသော်တာ အခန်းထဲ လာအိပ်နေသည်ပဲ။ နန်းသော်တာကို မြင်လိုက်ရပါမှ အဆမတန် မြန်ဆန်လာသည့် နှလုံးခုန်သံသည် အိုးမလုံ အုံပွင့်ဆိုတာမျိုး ဖြစ်မည် ထင်သည်။

"နန်းနန်း ..ဘယ်တုန်းက နိုးနေတာလဲ။"

ရေနွေးနှင့် ပက်ခံလိုက်ရသလို ပူတက်လာသည့် မျက်နှာကို လျစ်လျူရှုကာ ခြင်ထောင်ပြင်ထွက်ရင်း လေတိုးသံဖြင့် နန်းသော်တာ ကြားနိုင်လောက်သည့် အသံနေအသံထားဖြင့် မေးရာ နန်းသော်တာသည် တစ်ချက် ပြုံးပြီး -

"ကြာပြီ ..နင်မနိုးခင်ကတည်းက။"

လှိုင်းနည်းတူ မာန်နိုးသွားမည်စိုး၍ လေတိုးသံဖြင့် ပြောပြီး သဘောတကျဖြင့် တပြုံးပြုံး လုပ်နေသည့် နန်းသော်တာကြောင့် လှိုင်းသည် မိမိ၏ လည်တိုင်ကို မသိလိုက် မသိဘာသာဘဲ ပွတ်လိုက်မိသည်။ ရှက်ရမ်းရမ်းနေသည့် ဟန်ပန် ဖြစ်နေသော သူ့အား နန်းသော်တာက သေချာကြည့်ကာ သူမ၏ သွားဖွေးဖွေးလေးများပေါ်အောင် တစ်ချက်ရယ်ပြီး -

"ငါ သွားတော့မယ် လှိုင်း။ နင့်ကိုရိပ်ကို ပြီးရင် နှိုးလိုက်ဦးနော် ..ကျောင်း သွားရဦးမယ်။"

လမင်းခြေသံ { Completed }Waar verhalen tot leven komen. Ontdek het nu