အပိုင်း {၆} (UNICODE)

714 48 1
                                    

နားထဲ မိုးသံလိုလို အသံတစ်ခု ကြားနေရသည်။ မာန် မျက်လုံးမဖွင့်ချင်သေးသဖြင့် ပေပြီး တစ်ဖက်လှည့်ကာ ဆက်အိပ်နေလိုက်သည်။ တစ်အောင့်အကြာမှ မာန် မျက်လုံးဖွင့်ကြည့်လိုက်မိရာ အမြင်အာရုံထဲ ချက်ချင်း တိုးဝင်လာသည်ကား သည်ရက်ပိုင်း မတွေ့ချင်မှအဆုံး အချိန်ပြည့် မြင်တွေ့နေရသည့် မျက်နှာ။ မာန်၏ ကုတင်စပ်နား တင်ထားသည့် လက်ပေါ်သို့ ခေါင်းကို စောင်းကာ အိပ်ပျော်နေသည့် လှိုင်းသံစဉ်သည် ကန်ရေပြင်ပမာ ငြိမ်သက်နေသည်။ လက်ထဲ၌ ဗလာစာအုပ်တစ်အုပ်ကို ဖွင့်လျက်သား အနေအထားဖြင့် မြင်တွေ့ရသေးသည်။ သည်ကောင်လေး မာန့်အခန်းထဲမှာ တစ်ညလုံး ရှိနေခဲ့သည်လား။

"လှိုင်းသံစဉ် ... ဟိတ်ရောင် ထ ထ"

ပုခုံးကို လှုပ်ကိုင်နှိုးလိုက်ရာ အိပ်မှုန်စုံမွှား ပုံစံဖြင့် မျက်လုံးဖွင့်ကြည့်လာသည်။ မာန့်ကို မြင်သည်နှင့် လန့်သွားဟန်ဖြင့် နဂိုဝိုင်းသော မျက်လုံးများသည် ရုတ်ချည်း ပြူးကျယ်သွားသည်။

"ဆောရီး ကိုရိပ်။ ကျွန်တော် ..."

"မင်း ဘာလို့ တစ်ညလုံး ငါ့အခန်းထဲ နေနေတာလဲ။ စာရေးတာ မပြီးသေးဘူးလား။"

မေးလည်း မေး ၊ စာရေးစားပွဲဆီ မာန် အကြည့်တို့ကို ဖြန့်ကျက်လိုက်သောအခါ စနစ်တကျ ထပ်ထားသည့် စာအုပ်များကို တွေ့လိုက်ရသည်။ ကြည့်ရသလောက်တော့ စာရေးလို့ ပြီးသွားပုံပါပဲ။

"မဟုတ်ဘူးဗျ။ မနေ့ညက စာရေးပြီးလို့ ကျွန်တော် အောက်ဆင်းသွားပါသေးတယ် ကိုရိပ်။ အောက်ရောက်တော့ မီးက ပျက်သွားတာနဲ့ ... ကျွန်တော် ... အပေါ်ပြန်တက်လာတာ။"

"ဘာလို့လဲ။ မင်း သရဲကြောက်လို့လား။"

"မကြောက်ပါဘူးဗျ။"

"ဒါဖြင့် ဘာလို့ ..."

"မီးပျက်တော့ အဲကွန်းက ပိတ်သွားမှာလေ ကိုရိပ်ရဲ့။ အဲ့တော့ ပူပြီး ကိုရိပ် အိပ်မရဘဲ နေမှာပေါ့။ အဲ့တာကြောင့် ကျွန်တော် ယပ်ခတ်ပေးနေတာ။"

မာန်ရိပ်မော် မျက်ဖြူစိုက်ချင်သွားသည်။ သူ့ကို ဘယ်သူက အဲ့သည်လောက် အလိုက်သိခိုင်းနေလို့လဲ။ လူကို စိတ်မသိုးမသန့် ဖြစ်အောင် လုပ်သည့်နေရာမှာ မာစတာဘွဲ့ ပေးအပ်သင့်သည် လှိုင်းသံစဉ်သည် အရွယ်နှင့် မလိုက်အောင် သိတတ်လွန်းနေသည်။ လှိုင်းက ရှင်းပြလိုက်မှ လှိုင်း၏ လက်ထဲ၌ ဘာကြောင့် ဗလာစာအုပ် ကိုင်ထားရသည်ကို မာန် သဘောပေါက်သွားသည်။

လမင်းခြေသံ { Completed }Where stories live. Discover now