အပိုင်း {၂၃} (UNICODE)

365 26 2
                                    

တရုတ်နှစ်သစ်ကူး ရောက်တော့မည်မို့ ယနေ့ လှိုင်းသည် ဒေါ်သူဇာဝင်းနှင့်အတူ ဈေးဝယ်ထွက်လာသည်။ မာန်နှင့် နန်းသော်တာကမူ အပျင်းတစ်ကာ မလိုက်ချင်ဟု ဆိုသဖြင့် အိမ်မှာသာ ကျန်ခဲ့ပြီး လှိုင်းတစ်ယောက်တည်း အထုပ်အပိုး ဆွဲရန် လိုက်လာခဲ့ခြင်း ဖြစ်သည်။ မနက်ဖြန် ကန်တော့မည် ဖြစ်ရာ မာန့်အိမ်အတွက်ရော နန်းသော်တာအိမ်အတွက်ပါ ဝယ်ခြမ်းရသည်မို့ အရွက်များကအစ အသား ၊ ငါးအဆုံး ဈေးထဲ၌သာမက supermarket ထိ သွားရသည်။ မနက်ဖြန်အတွက် ပစ္စည်းလာဝယ်သည့် လူများမှာလည်း အမြောက်အမြား။

လှိုင်း မာန်၏ အိမ် မရောက်ခင်က အချိန်တွေကို ပြန်တွေးကြည့်လျှင် ဘယ်သောအခါမှ တရုတ်နှစ်သစ်ကူးမဆိုထားနှင့် ၊ Happy New Year နေ့ဆိုလျှင်တောင် ဈေးဝယ်ထွက်ဖူးခြင်း မရှိသလို အိမ်၌ မုန့်လုပ်စားခြင်းလည်း မရှိခဲ့။ လှိုင်းက မြန်မာစစ်စစ်မို့ တရုတ်နှစ်သစ်ကူးကို မကြုံခဲ့ဖူးလျှင်တောင် Happy New Year နှင့်လည်း ရင်းနှီးကျွမ်းဝင်ခဲ့ခြင်း မရှိ။ ဒီဇင်ဘာ ၃၁ ရက်နေ့ဆိုလျှင် အဖေ အပါအဝင် ကိုကြီးနှင့် ကိုလေးတို့က အိမ်မှာ မကပ်ကြတော့သဖြင့် တိုက်ခန်းကျဉ်းထဲ၌ လှိုင်းနှင့် အဖွားသာ ရှိသည်။ အဖွားက ကျန်းမာရေး သိပ်မကောင်းသောကြောင့် ညဘက် စောစော အိပ်ရာဝင်တတ်ပေမဲ့ လှိုင်းမှာ အဖေတို့ ပြန်အလာကို ညလုံးပေါက် အမြဲ ထိုင်စောင့်နေရတတ်သည်။ အဖေတို့ ပြန်လာလျှင် ညသန်းခေါင်ယံ ကျော်လွန်၍ မနက် ၃ နာရီ ၊ ၄ နာရီခန့် ရှိနေပြီ ဖြစ်သည့်အပြင် အမြဲတစေ ၃ ဦးစလုံးထံမှ အရက်နံ့များမှာ တထောင်းထောင်း။ လှိုင်းကို ပြဿနာ ရှာလိုက်သည် ဆိုသည်မှာလည်း တစ်နှစ် တစ်မျိုး မရိုးနိုင်အောင် ဖြစ်သဖြင့် အဖွား နိုးမည် စိုး၍ လှိုင်းမှာ အဖေတို့ လုပ်ချင်သမျှကို အထွန့်မတက်ဘဲ မြန်မြန် လိုက်လျောပေးလိုက်ရသည်ချည်းသာ။

ယခုတော့ အဖေတို့ ရှာသည့် ပြဿနာများနှင့် လှိုင်း ဝေးကွာနေသည်မှာ ၃ နှစ်တောင် ရှိလာပြီ ဖြစ်သည်။ လှိုင်း မာန်၏ အိမ်ကို ရောက်သည့် နှစ်ကရော လွန်ခဲ့သည့် နှစ်ကပါ ယခုနှစ်ကဲ့သို့ တရုတ်နှစ်သစ်ကူး အပါအဝင် ဒီဇင်ဘာလ ၃၁ ရက်နေ့ဆိုလျှင် အိမ်ကျယ်ကြီးထဲ၌ အလုပ်ရှုပ်တတ်သည်။ တရုတ်နှစ်သစ်ကူးဆိုလျှင် ကန်တော့ရသည်နှင့် တစ်နေ့လုံးနီးပါး မအားမလပ် ဖြစ်ရသော်လည်း ဒီဇင်ဘာလ ၃၁ ရက်နေ့ဆိုလျှင်တော့ စားသောက်ဖို့ ပြင်ဆင်ချိန်သာ အလုပ်ရှုပ်ပြီး ညပိုင်း၌တော့ တီဗီမှ တိုက်ရိုက်လွင့်သည့် live stage show ကို ကြည့်လိုက် ၊ အစား စားလိုက်ဖြင့် သာယာနေကြသည်။ တစ်ခါတစ်ရံ လှိုင်း အဖေတို့နှင့်အတူ ရှိစဉ်အခါက သူ၏ ဘဝကို စဉ်းစားမိတိုင်း သက်ပြင်းမောကို အခါခါ ချမိသည်။ မိမိ မိသားစု ရှိရာ အိမ်၌ မနေချင်ဟု ပြောလျှင် သူ့ကို လူထူးလူဆန်းတစ်ယောက်ကဲ့သို့ ကြည့်ကာ လူအများ ကဲ့ရဲ့ပြောဆိုလေမလား ဆိုသည်ကို လှိုင်း ရံဖန်ရံခါ စဉ်းစားမိပါ၏။

လမင်းခြေသံ { Completed }Where stories live. Discover now