အပိုင်း {၂၄} (UNICODE)

382 22 3
                                    

ဧည့်ခန်းထဲ ပျံ့လွင့်လာသော ဖုန်းမြည်သံသည် လှိုင်း အောက်ထပ် ဆင်းလာသည်နှင့် နားစည်ကို လာရောက် ရိုက်ခတ်သည်။

"အန်တီဝင်း နေ နေ ... ကျွန်တော် သွားကိုင်လိုက်မယ်။"

အလုပ်များနေသည့် ဒေါ်ဝင်းကို ဟန့်တားပြီး လှိုင်း ဧည့်ခန်းထဲ ပြေးဝင်ကာ ဖုန်းလက်ခံ စကားပြောလိုက်သည်။

"ဟယ်လို အမိန့်ရှိပါ။"

"မင်း ... လှိုင်း လား"

လှိုင်း ရပ်လျက်ပင် ငြိမ်သက်နေမိသည်။ တစ်ဖက်မှ အသံကို လှိုင်း ရင်းရင်းနှီးနှီး သိသည်။ မကြားရတာ ၁ နှစ်နီးပါး ရှိလုမည် ဖြစ်သော်လည်း နှလုံးသားထဲ၌ သေရာပါသွားအောင် ကမ္ပည်းရေးထိုးထားသည့် ထိုအသံပိုင်ရှင်ကို လှိုင်း ကောင်းကောင်း သိနေသည်။

"အခု ပြောနေတာ လှိုင်းသံစဉ် လား။"

ထပ်မံ ထွက်ပေါ်လာသော မာထန်ထန် မေးခွန်း၌ ရောစပ်ထားသည့် စိတ်မရှည်သလို လေယူလေသိမ်းကြောင့်ပေပဲလား ၊ သို့မဟုတ် ဒေါသစွက်နေသည့် စိတ်ရင်းအခံကို လှိုင်း မမြင်ရသော်လည်း ကြိုသိနေသောကြောင့်ပေပဲလား မပြောတတ် ... တစ်ဖက်မှ မေးခွန်းအဆုံး ကိုင်ထားသည့် ဖုန်းခွက်ကို လက်ဖြင့် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလိုက်မိသည်။

"ဗျာ ..ဟုတ် ဟုတ်ကဲ့ အဖေ။ ကျွန်တော် ..လှိုင်းသံစဉ်ပါ။"

အားယူကာ ကြိုးစားပြောလိုက်သော်လည်း နှုတ်ခမ်းဖျားမှ လွင့်စင်ထွက်လာသော စကားသံမှာ တုန်တုန်ယင်ယင်ဖြင့် ကြောက်စိတ်များ ဖောဖောသီသီ ထည့်သွင်းခြင်း ခံထားရသယောင်။

"မင်းက ငါ့အနားမှာ မရှိတော့ဘူးဆိုတိုင်း ခေါ်တာတောင် ချက်ချင်း ပြန်မထူးတော့ဘူးပေါ့ ဟုတ်လား။"

"အဲ့လို မဟုတ်ပါဘူး အဖေရယ်။ ကျွန်တော် ..ကျွန်တော် ရုတ်တရက်မို့ အံ့ဩသွားလို့ပါ။ ဒါနဲ့ ... ဘာကိစ္စ ရှိလို့လဲဟင် အဖေ။"

"မင်း အိမ်ပြန်လာခဲ့။"

"ဗျာ"

"မင်း ငါ့ဒေါသကို လာဆွနေတာလား။ ငါ ပြောတာ မကြားဘူးလား။"

လမင်းခြေသံ { Completed }Where stories live. Discover now