သင်္ကြန်အကြတ်နေ့
ယနေ့ မာန်သည် လှိုင်း မနိုးခင် အိပ်ရာထကာ လှိုင်းကို မနှိုးဘဲ ဦးပြုံးနှင့် အပြင်ထွက်လာခဲ့သည်။ လှိုင်းကတော့ မနေ့ညအထိ အဖျားငွေ့ငွေ့ ကျန်သေးသည်မို့ ဆေးတိုက်ထားသောကြောင့် ဆေးရှိန်နှင့် နှစ်ခြိုက်စွာ အိပ်မောကျနေသဖြင့် အိမ်မှာ ကျန်ရစ်ခဲ့သည်။ မာန် အပြင်ထွက်ပြီး လိုချင်တာ ဝယ်ပြီးမှ အိမ်ပြန်လာခဲ့သည်။ အပြင်ထွက်စဉ်က မနက်စောသေး၍လား မပြောတတ် ... လမ်း၌ ရေကစားသည့်သူများပင် သိပ်မတွေ့ရ။
မာန်၏ ကား ခြံဝင်းထဲ ဆိုက်ပြီး မာန် ကားပေါ်မှ ဆင်းလာသည်ဆိုလျှင်ပဲ ခြံထဲရှိ ဒန်း၌ ထိုင်နေသော လှိုင်းသံစဉ်သည် မျက်စိတစ်မှိတ်အတွင်း အနားရောက်လာသည်။ ညဝတ်အင်္ကျီကို မလဲရသေးသည့်အပြင် မျက်နှာပင် မသစ်ရသေးပုံ ပေါ်သည့် လှိုင်းသံစဉ်သည် မာန့်အနား ရောက်လာသည်နှင့် စက္ကန့်မလပ် ဆီးကာ မေးမြန်းပါတော့သည်။
"ဘယ်တွေ လျှောက်သွားနေတာလဲ ကိုရိပ်ရာ။ ကျွန်တော်ဖြင့် စိတ်ပူလိုက်ရတာ။"
"ငါက လေးပြုံးနဲ့ သွားတာပဲ။ ဘာစိတ်ပူစရာ ရှိလဲ။"
"အဲ့တာဆိုလည်း ကျွန်တော့်ကို နှိုးသွားမှပေါ့။ ကျွန်တော်ပါ ကိုရိပ်နဲ့ လိုက်ခဲ့မှာပေါ့ဗျ။ ခုဟာက ..."
"ဘာလဲ ..မင်းက ငါ့ကို အပြစ်လာတင်နေတာလား။ ငါ နိုးတာတောင် အိပ်ရာက မထသေးတာ ဘယ်သူလဲ ..ဟမ်။ ပြောလေ ..ဘယ်သူလဲလို့။"
"ဟုတ်ပါပြီဗျာ။ ကိုရိပ်ကို အပြစ်တင်နေတာ မဟုတ်ပါဘူး။ အိပ်ပုပ်ကြီးမိတဲ့ ကျွန်တော်ကပဲ မှားတာပါ။ ဒါနဲ့ ..ကိုရိပ်က ဘယ်သွားတာလဲ။"
"ရော့"
မာန်က ဖွင့်လက်စ ကားတံခါးကို မပိတ်သေးဘဲ ကားထဲမှ တစ်စုံတစ်ရာကို ယူကာ လှိုင်းဘက်သို့ ကမ်းပေးလိုက်သည်။ မျက်စိရှေ့ တိုးဝင်ရောက်လာသည့် ရွှေဝါရောင် ပိတောက်ပန်းများကို တစ်လှည့် ၊ အနည်းငယ် ပြုံးရိပ်သန်းနေသည့် မာန့်ကို တစ်လှည့် ကြည့်ရင်း လှိုင်း၏ မျက်ဆန်တို့ ဗျာများနေရသည်။
"ယူလေ ..ဘုရားကပ်မယ်ဆို။"
"ကိုရိပ်က ..ကျွန်တော့်အတွက် ပိတောက်ပန်း သွားဝယ်ပေးတာလား။"
YOU ARE READING
လမင်းခြေသံ { Completed }