အပိုင်း {၅၁} (UNICODE)

456 17 2
                                    

"ကိုရိပ် ..ဒီနေ့ ကျွန်တော့်ကို လာမကြိုနဲ့တော့နော်။ ကိုယ့်ဘာသာပဲ ပြန်လာခဲ့လိုက်မယ်။"

တစ်ဖက်မှ အတင်းကာရော လာကြိုမယ် တကဲကဲ လုပ်နေသည့် မာန့်အား မနည်း ဖျောင်းဖျကာ "တက်စီငှါးပြန်ခဲ့ပါ့မယ်" ဟု ကတိအထပ်ထပ်ပေးပြီး ဖုန်းကို လက်စသတ်ရသည်။ ကျူရှင်အိမ်မှ အပြန်ကျ city mart ထဲ ဝင်ကာ နက်ဖြန် မနက် ခရီးထွက်လျှင် မာန် ကားပေါ်၌ အဆာပြေ စားလို့ရမည့် မုန့်များ ဝင်ဝယ်ဖြစ်သေးသည်။ ဘဝတွင် ပထမဆုံး ထွက်သည့် ခရီးမို့ ရင်ခုန်သည် ဆိုသည်ထက် မာန်နှင့်အတူ နှစ်ယောက်တည်း ပထမဆုံး ထွက်ဖြစ်သည့် ခရီးစဉ် ဖြစ်သောကြောင့် ကြည်နူးနေမိသည်ဆိုလျှင် ပိုမှန်ကန်လိမ့်မည် ထင်သည်။ သည်ခရီး၌တော့ အတတ်နိုင်ဆုံး အလှပဆုံးသော အမှတ်တရများကိုသာ ဖန်တီးမှ ဖြစ်မည်။ ဤခရီးစဉ်သည် မာန်နှင့်အတူ သွားသည့် ပထမဆုံးအကြိမ် ဖြစ်သည့်အပြင် ... နောက်ဆုံးအကြိမ်လည်း ဖြစ်သွားနိုင်သည်။

"နောက် ၃ ရက်နေရင် ဆေးခန်းကို ပြန်လာခဲ့ပါနော် အန်တီ။ ကျွန်တော် မရှိလည်း ကျွန်တော့်ညီမလေး ဆေးခန်းထိုင်ပါလိမ့်မယ်။ မီးမီးလေး ..သက်သာတော့မှာနော်။ နေပြန်ကောင်းရင် ဦးဦးဒေါက်တာက အရုပ်ဝယ်ပေးမယ် ဟုတ်ပြီလား။"

"ဟုတ် ဦးဦးဒေါက်တာ။ ကတိ။"

"ကတိပေးပါတယ်ဗျာ။"

ကတိတောင်းနေသော ဖွေးဥဥ လက်သေးသေးလေးများကို မြင်တော့ မဆီမဆိုင် အသက်အရွယ်နှင့်မလိုက် ညိုစိမ့်စိမ့် လက်သေးသေးလေးများပိုင်ရှင်ကို သတိရသွားသေး၏။ ဆေးမှတ်တမ်းစာအုပ်ကို လူနာရှင်အန်တီအား ပေးပြီး မနီးမဝေးရှိ ဆေးကောင်တာ၌ ဆေးသွားထုတ်စေလိုက်သည်။ မာန်တို့ဆေးခန်းက အသေးစားလေးပေမို့ သူနာပြု ဘာညာလည်း မခေါ်ထားဘဲ ဆေးကောင်တာ၌ ထိုင်ရန် အသိညီမလေးတစ်ယောက်ကိုသာ လစာပေးပြီး ခေါ်ထားသည်။

"မာန်လေး"

လူနာပြန်သွားပြီမို့ မာန် ဘေးနားရှိ ဆေးစာအုပ်ထဲမှ သိလိုသည်များကို လှန်လှောကာ ဖတ်နေတုန်း ကြားလိုက်ရသည့် ခေါ်သံကြောင့် မော့မကြည့်ခင်ကတည်းက မည်သူမှန်း စိတ်ထဲ အလိုလို သိနေသည်မှာ သားအဖကြား ဖြတ်တောက်မရသော သံယောဇဉ်ကြိုးကြောင့်ပေပဲလား မပြောတတ်။ မာန် ဖတ်လက်စ ဆေးစာများကို လျစ်လျူရှုကာ အသံလာရာ မော့ကြည့်တော့ မတွေ့ရသည့် ၄ လအတွင်း သိသိသာသာ အိုစာသွားသည့် ပါပါး၏ မျက်နှာ၌ သားသမီးအပူ မငြိမ်းနိုင်မှန်း သိသာလွန်းလှသည်။

လမင်းခြေသံ { Completed }Where stories live. Discover now