အပိုင်း {၂} (UNICODE)

1K 61 3
                                    

သစ်ပင် ပန်းမန်များစွာဖြင့် စိမ်းစိုကာ နေချင့်စဖွယ် ရပ်ဝန်းဖြစ်သည့် ခြံဝင်းထဲသို့ ကားအဖြူလေး ဖြည်းညင်းစွာ ဝင်ရောက်လာသည်။ ကားဘီးများ ရပ်တန့်သွားသည်ဆိုလျှင်ပဲ အနောက်ကားတစ်ခါး ပွင့်သွားကာ ဆယ်ကျော်သက် ကောင်လေးတစ်ယောက် ဆင်းလာသည်။ သားရေဖိနပ်ကို နောက်ပိတ်ပါမှ စီးတတ်သော ကောင်လေးသည် ကျောင်းဝတ်စုံကို ဝတ်ဆင်ထားပြီး အနီရင့်ရောင်လွယ်အိတ်ကိုလည်း ပုခုံးထက် တစ်ဖက်သာ သိုင်းလွယ်ထားသည်။

"လေးပြုံး"

"ဟေ မာန်လေး"

"ဘာလို့ ပါပါးကားကို အပြင်ထုတ်ထားတာလဲ။"

"ကားဂိုဒေါင်မှာ သားနဲ့ ရွယ်တူ ကလေးတစ်ယောက် ရောက်နေတယ် မာန်လေးရဲ့။ မေမေကြီးက သူ့ကို ဂိုဒေါင်မှာပဲ စီစဉ်ထားခိုင်းလို့ ကားကို အပြင်ထုတ်ထားတာ။"

"ဘယ်လို ..ရွယ်တူကလေး ဟုတ်လား"

မာန်သည် သူ့နားကိုပင် မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရသည်။ ချက်ချင်း ကားဂိုဒေါင်ကို အပြေးသွားပြီး ဂိုဒေါင်တံခါးကို ဖွင့်လိုက်ရာ တံခါး ပွင့်လာသည်နှင့် မာန် ကြက်သေသေသွားရသည်။ အဝေးမှ မြင်နေရသည့် ကောင်လေးသည် ခုတင်ထက် လှုပ်လှုပ်ရှားရှားနှင့် တစ်ကိုယ်တည်း အလုပ်ရှုပ်နေပုံ ရသည်။ ခပ်လှမ်းလှမ်းမှ မြင်နေရသည့်တိုင်အောင် မျက်လုံးထဲ စွဲနေအောင် မှတ်မိနေသည့် မထုံတတ်တေး မျက်နှာနှင့် မာန့်အား ကြောင်ကြည့်နေသဖြင့် ထိုကောင်လေးက မည်သူမှန်း စက္ကန့်မခြား မှတ်မိသွားသည်။ အနားသို့ ခြေလှမ်းကြဲများဖြင့် လျှောက်သွားလိုက်ရာ မာန့်အား မျက်တောင်မခတ်တမ်း လိုက်ငေးကြည့်နေလေ၏။

"မင်းက ဘာလို့ ငါ့အိမ် ရောက်နေတာလဲ။"

"ငါ ... ငါ ..."

"ဆင်းခဲ့စမ်း အခု။"

ပြောလည်း ပြော ၊ လှိုင်း၏ လက်ကောက်ဝတ်ကို ဆတ်ခနဲ လှမ်းဆွဲလိုက်သည့် မာန်ကြောင့် ခုတင်ပေါ်မှ ကပျာကသီ ဆင်းလိုက်ရသည်။ မာန်က ဘာမှ ထပ်မပြောဘဲ လှိုင်းကို ဆောင့်ဆွဲကာ အိမ်ကြီးဆီသို့ ဦးတည် လျှောက်လာလိုက်တော့သည်။

လမင်းခြေသံ { Completed }Where stories live. Discover now