အပိုင်း {၄၀} (UNICODE)

434 28 0
                                    

မာန်နှင့် ဟိန်းတို့ စားသောက်ဆိုင်သို့ ရောက်သည်အချိန်ထိ တစ်လမ်းလုံး တိတ်ဆိတ်ခြင်းကသာ ကြီးစိုးနေလေသည်။ မာန်သည်လည်း နားကြပ်တပ်ရင်း လှိုင်းဆိုပြသည့် သီချင်းများကို နားထောင်နေသည်မို့ ကားတစ်စီးလုံးသည် ဆိတ်ငြိမ်နေသည်။ စားသောက်ဆိုင်သို့‌ ရောက်သောအခါ မာန်သည် ဟိန်းကို မစောင့်ဘဲ ဆိုင်ထဲသို့ အရင် ဝင်လာလိုက်သည်။ ထိုအခါ အမြဲ မာန့်နောက်မှ ကပ်ပါလာတတ်သည့် ခြေသံများ ဆိတ်သုဉ်းနေလေရာ လစ်ဟာမှုသည် ပို၍ သိသာထင်ရှားလာသလိုပါပဲ။

"မာန်လေး လာ ..ဒီမှာ ထိုင်။"

မာန့်ကို မြင်သည်နှင့် ဒေါ်အေးမြတ်မွန်က မတ်တပ်ရပ်လာကာ ခင့်ဘေး၌ နေရာချပေးလေရာ မာန်သည် ပါပါးရှေ့ ထိုမိန်းမ မျက်နှာကောင်း ဝင်ယူနေသည်ကို သဘောမတွေ့လှသော်လည်း လှိုင်း ပြောသလို ဧည့်သည်တွေ ပါနေသဖြင့် ဆန္ဒကို သိက္ခာနှင့် ထိန်းကာ နေရာချပေးသည့် ခုံ၌ နေရာဝင်ယူလိုက်သည်။ မာန့်ဘေး၌ ခင် ရှိနေသလို တစ်ခြားတစ်ဖက်၌လည်း နန်းသော်တာမိုင် ရှိနေသည်မို့ မာန်သည် နန်းသော်တာအား "ဘယ်လိုလုပ် ရောက်လာတာလဲ" ဆိုသည့် သဘောဖြင့် မျက်ခုံးပင့်ပြလိုက်မိသည်။

"အန်တီရီက ငါတို့ကိုပါ ခေါ်ခဲ့ပါဆိုလို့။"

နန်းသော်တာသည် မာန် သိချင်သည့် အဖြေကို လေတိုးသံလေးဖြင့် မဆိုင်းမတွ ပေးလာလေရာ မာန် ခေါင်းညိတ်ပြလိုက်မိသည်။ ထို့နောက်မှ တစ်ဖက်ရှိ ခင့်ကို ကြည့်လိုက်မိရာ ခင်သည် မာန့်ကို မသိမသာလေး ခိုးကြည့်နေသည်မို့ မာန် မျက်နှာကို တင်းတင်းထားလိုက်မိသည်။ မာန်က ပြန်ချော့စရာလား ... မာန့်ဘက်က သူမကို စိတ်ကောက်ခိုင်းနေသည်မှ မဟုတ်ဘဲ။ ဒီလောက် စိတ်ကောက်ရင် မချော့တတ် ဟု အတန်တန် ပြောထားတာတောင် မရှိရှိသည့် ပြဿနာကို မီးထွန်းရှာပြီး စိတ်ဆိုးစိတ်ကောက်ချင်နေတာလေ။ ခင့်ဘက်က စိတ်ကောက်ပြီး စကားမပြောလျှင် မာန့်ဘက်ကလည်း စကားတစ်ခွန်း မပြောဘဲ သူမအလိုကျ လွှတ်ထားပေးလိုက်သည်သာ။ ခင် စိတ်ကျေနပ်သည်အထိ ကောက်ပါစေ ... သူမဘက်က စိတ်ကောက်သည် ဆိုသော်လည်း ခင်သည် မာန့်ကို တွယ်တာလွန်းမှန်း သိနေသဖြင့် မာန် ပြန်မချော့လည်း တစ်ချိန်ချိန်ကျ သူမဘက်က ပြန်စကားပြောလာလိမ့်မည်မှာ မြေကြီးလက်ခတ်မလွဲပင်။ မာန်သည် ခင် သူ့ကို တကယ် ချစ်လို့ အလျှော့ပေးမှန်း သိသိလျက်နှင့် တမင် အနိုင်ယူနေသည်မှ မဟုတ်ဘဲ ... မာန်ကိုယ်တိုင်က အတည် မချော့တတ်တာ။ မာန်က စိတ်ပဲကောက်တတ်တာ ... ပြန်ချော့သည့် အလုပ်ကို တစ်သက်နှင့် တစ်ကိုယ် လုပ်ဖူးသည် မဟုတ်သဖြင့် ထိုသင်ခန်းစာ၌ မာန်သည် မူကြိုကလေးသာသာ။ ပြန်ချော့သည့် အရေး၌ မာန်က မတတ်မြောက်သေးသော်လည်း လှိုင်းသံစဉ်ကတော့ ကျွမ်းကျင်အဆင့် ဖြစ်သည်။ မာန်စိတ်ကောက်တိုင်းလည်း သူပဲ မရမက လိုက်ချော့တတ်သည်မို့ မာန်သည် ခင့်ကို ပြန်မချော့တတ်သည်ကတော့ မာန့်အလွန် ဟုတ်မည်မထင်။

လမင်းခြေသံ { Completed }Where stories live. Discover now