အပိုင်း {၁၅} (UNICODE)

550 29 1
                                    

"ဟေ့ကောင်တွေ ..မုန့်ဈေးတန်း ငါ မလိုက်တော့ဘူး။"

မုန့်စားကျောင်းဆင်းချိန် ဆရာမ အတန်းထဲမှ ထွက်သွားသည်နှင့် ရေးကြီးသုတ်ဖြာဖြင့် ပြောကာ အခန်းပြင်သို့ ခြေလှမ်းကြဲများဖြင့် ထွက်သွားသည့် မိုးထက်ကြောင့် မာန်နှင့် ဘုန်းသွင်မှာ အူကြောင်ကြောင်လေး ကျန်ခဲ့ရသည်။

"ဒီကောင် ဘယ်လဲ။"

မာန်က မေးတော့ ဘုန်းသွင်က "ငါလည်း မသိဘူးလေ" ဆိုသည့် သဘောဖြင့် ပုခုံးတွန့်ပြလာသည်။ မိုးထက်၏ မပြောမဆို ပျောက်ပျောက်သွားတတ်သည့် အကျင့်ကြောင့် မာန့်စိတ်ထဲ စနိုးစနောင့် ဖြစ်သွားရစဉ်ပင် အတန်းရှေ့ ဖြတ်လျှောက်သွားသည့် အရိပ်တစ်ခုကြောင့် မာန် ထိုင်နေရာမှ ခါးများ မတ်သွားရသည်။

"ဘုန်းသွင် ..ငါ ပြန်လာခဲ့မယ်။ ခဏစောင့်နေ။"

တစ်ခုခု ပြန်မေးလာမည်မှာ ဧကန်မလွဲသည့် ဘုန်းသွင်၏ စကား နှုတ်မှ မထွက်လာခင် မာန် အတန်းပြင် ရောက်နှင့်နေပြီ။ သင်္ချာ (၂) ဆရာမနောက် စာအုပ်များ ပိုက်ကာ လိုက်ပါသွားသည့် ပုံရိပ်ကို ကောက်နုတ်ကြည့်မိရာ အပေါ်ထပ် တက်သွားပုံ ပေါ်သည်။ ထို့ကြောင့် မာန်၏ ဦးတည်ချက်သည် သင်္ချာ (၂) ဆရာမ အတန်းပိုင်အဖြစ် ယူထားသည့် Grade-8 (D) သို့။ D ခန်းနား ရောက်သောအခါ ဆူညံနေသော ပတ်ဝန်းကျင်၌ မာန်သည် ခြေသံလုံလုံဖြင့် ချဉ်းကပ်သွားကာ အတန်းအပေါက်ဝမှ အတန်းထဲ မျက်လုံးဝေ့ကြည့်လိုက်မိသည်။ မျက်လုံးကို ၁၈၀ ဒီဂရီပင် ပြည့်အောင် မဝေ့ကြည့်လိုက်ခင်ပင် မြင်လိုက်ရသည့် ကျောပြင်ကြောင့် မာန် မျက်မှောင်ကုတ်မိသွားသည်။ ဆရာမအနား ခါးကို ကိုင်းကာ ဆရာမ မှာကြားသည်များကို ခေါင်းတညိတ်ညိတ်ဖြင့် နားထောင်နေသည့် လှိုင်းသံစဉ်၏ အာရုံသည် ဆရာမထံ၌သာ ဖြစ်သော်လည်း သူ့၌ လာရောက် စုစည်းနေသည့် မိန်းကလေးတစ်ယောက်၏ အကြည့်တို့ကား သိသိသာသာ တည်ရှိနေသည်။

ထိုကောင်မလေးက ဘာလားပဲ။ ဆရာမစားပွဲနှင့် တည့်တည့်ရှိ ဒုတိယမြောက်ခုံတန်း၌ ထိုင်ကာ လှိုင်းကို မေးထောက်ကြည့်နေပုံကိုက ရဲတင်းလွန်းရုံ သာမက ဣ​န္ဒြေမဲ့လွန်းနေသည်။ လှိုင်းကို ကြည့်ရုံသာ ကြည့်သည်ဆို တော်သေးသည်။ ယခုက သူမဘေးရှိ သူငယ်ချင်းများကိုပါ တိုးတိုး တိုးတိုးပြောလိုက် ၊ မခို့တရို့ ရယ်လိုက်နှင့်မို့ မာန့်အတွက် အမြင်မတော်ဖြစ်လာသည်။ လှိုင်းသံစဉ်ကလည်း သည်အခန်းထဲ ဘာလာလုပ်သည် မသိ ... လူကို စိတ်မတိုတိုရအောင်။

လမင်းခြေသံ { Completed }Where stories live. Discover now