အပိုင်း {၃၄} (UNICODE)

378 29 1
                                    

"ဒေါက် ဒေါက် ဒေါက်"

သေသေချာချာ ကြားလိုက်ရသည့် ဆင့်ကဲ ထွက်ပေါ်လာသော တံခါးခေါက်သံ သုံးချက်။ မာန်က ရေချိုးခန်းထဲ ရောက်နေသည်မို့ လှိုင်း စာရေးနေရင်းမှ အခန်းတံခါးကို သွားဖွင့်ပေးလိုက်သည်။

"ကိုလှိုင်း အားလား။"

တံခါးပွင့်လာသည်ဆိုလျှင်ပဲ ကြားလိုက်ရသည့် စကားသံစူးရှရှနှင့်အတူ မြင်လိုက်ရသည့် သူကား မေရတီ။ ပေါ့ပေါ့ပါးပါး ဝတ်စားထားပုံသည် သူမ၏ လွတ်လပ်သော သွင်ပြင်နှင့် အချုပ်အနှောင် ကင်းသော စိတ်ရင်းကို ပေါ်လွင်နေစေသည်။

"အားပါတယ် မေ။ အစ်ကို ဘာလုပ်ပေးရမလဲ။"

"မေ သင်္ချာတွေ နားမလည်တော့လို့ ကိုလှိုင်းကို ရှင်းပြခိုင်းမလို့။ ဒါနဲ့ ကိုမာန်ရောဟင်။"

"ကိုရိပ်က ရေချိုးနေတယ်။ ဘာဖြစ်လို့လဲ မေ။"

"ဩ ဘာမှမဟုတ်ပါဘူး။ အဲ့တာဆို ကိုလှိုင်း မေ့ကို ရှင်းပြပေးနော်။"

"ကောင်းပါပြီ ..အစ်ကို ရှင်းပြပေးပါ့မယ်။"

မေရတီသည် သူမ၏ အိပ်ခန်း၌သာ စာလုပ်တတ်သူမို့ လှိုင်းသည် မာန့်အခန်းတံခါးကို ပိတ်ကာ သူမ၏ အိပ်ခန်းထဲ လိုက်ပါလာလိုက်သည်။ မေရတီကို လှိုင်း ဂိုက်ပြပေးနေသည်မှာ တစ်ပတ်ခန့် ရှိနေပြီ ဖြစ်ရာ မေသည် သူမ တစ်ခုခု နားမလည်သည်မျိုး ရှိလျှင် လှိုင်းကို အမြဲ ဤသို့နှယ် လာခေါ်တတ်၏။

မေရတီသည် လှိုင်းကို သူမအခန်းထဲသို့ မခေါ်ခင် မာန့်ကို မေးရသည်မှာ အကြောင်းရှိ၏။ မေ့ကို လှိုင်း ဂိုက်ပြသည့် ပထမဆုံးနေ့ကတည်းက မာန်သည် မေ့အခန်းထဲ၌ ခုံယူကာ ငုတ်တုတ်ထိုင်စောင့်တတ်သည်။ ဘာအတွက် အချိန်ပြည့် ထိုင်စောင့်နေမှန်း သူမ မသိသော်လည်း မာန်သည် လှိုင်းနှင့် သူမအား စကားများများပေးမပြော။ မေ့ဘက်က စာနှင့် ပတ်သက်သည့် အကြောင်း မေးလျှင် ဘာမှ မပြောသော်ငြား စာနှင့် သွေဖည်သည့် စကားတစ်ခွန်း ပြောမိလိုက်လျှင် "စာမလုပ်ဘဲ စကားများမယ်ဆိုရင် ငါ လှိုင်းသံစဉ်ကို ပြန်ခေါ်သွားမယ်။" ဆိုသည့် စကားကို လေသံမာမာ မျက်နှာတည်တည်ဖြင့် မာန်က ပြောတတ်သည်။

လမင်းခြေသံ { Completed }Where stories live. Discover now