အပိုင်း {၃၇} (UNICODE)

362 26 0
                                    

မာန့်မျက်လုံးများ ပွင့်လာသည်နှင့် မြင်လိုက်ရသည့် မြင်ကွင်းကား စိတ်ကျေနပ်ချင်စရာ။ အိပ်မောကျနေသော ကောင်လေး၏ မျက်မှန် ကင်းမဲ့နေသော မျက်နှာလေးသည် ကုန်လွန်လာသော ခုနှစ်သက္ကရာဇ်များကြောင့် စတွေ့ချိန်ကနှင့် အတန်ငယ်မျှ ကွဲပြားနေသော်ငြား ယခင်နှစ်များကအတိုင်း အပြစ်ကင်းစင်နေသည်။ မာန့်ကို ကတိပေးထားလျက်နှင့် ဆယ်တန်းစာမေးပွဲ ပြီးနောက် အိမ်ပြန်သွားသဖြင့် မာန် အပြစ်ပေးထားသည့် Lucky 7 ထဲ ပါသည့် အပြစ်ဒဏ်တစ်ချက်အတိုင်း ညဘက် လေအေးပေးစက်ကို စိမ့်နေအောင် ဖွင့်ထားသော်ငြား မာန့်စကားကို နာခံစွာ စောင်မခြုံဘဲ အိပ်ရှာသည်။ လှိုင်းသံစဉ်၏ ထိုသို့နှယ် မာန့်စကားဆိုလျှင် မြေဝယ်မကျ နားထောင်တတ်သည့် အကျင့်လေးသည် အင်မတိ အင်မတန် ချစ်စရာကောင်းသည်။ အင်း ... အူကြောင်ကြောင်လေး ဖြစ်နေသည့်တိုင်အောင် ချစ်ဖို့ကောင်းနေသည်ကတော့ လှိုင်းသံစဉ်၏ အရင်ဘဝက တောင်းဆုများလား ၊ သို့တည်းမဟုတ် မာန့်ဘဝ၏ ကံကောင်းခြင်းများလား။

မာန်သည် လဲနေရာမှ ဘေးနား အိပ်ပျော်နေဆဲ ဖြစ်သည့် လှိုင်း၏ အနားသို့ ဖြည်းဖြည်း ပိုတိုးကပ်သွားလိုက်ကာ လက်ဖြင့် နှုတ်ခမ်းပါးများကို မထိတထိ ထိတွေ့လိုက်မိသည်။ မာန့်လက်ဖျားထိပ်များနှင့် ထိကပ်သွားသည့် နှုတ်ခမ်းသားများသည် အိစက်နေသည်မှာ မာန့် ရင်ထဲ လှိုက်ဖိုလာရသည်အထိ။ လက်ထိပ်လေးဖြင့် အသာအယာ ထိတွေ့မှု ဆိုပေသိ စက္ကန့်မခြားပါဘဲ တလှပ်လှပ် လှုပ်ခါလာသည့် မာန်၏ နှလုံးသားသည် အမှန်တကယ် နားလည်ရခက်လွန်းနေသည်။ လှိုင်းသံစဉ်နှင့် ပတ်သက်လာလျှင် မာန်သည် မိမိ၏ ခံစားချက်များကိုပင် နားမလည်နိုင်တော့သည့် လူညံ့လူဖျင်းတစ်ယောက်လို ဖြစ်သွားရသည်မှာ အမြဲလိုလိုပင်။

မာန်သည် လှိုင်း၏ နှုတ်ခမ်းပါးများကို ခပ်ဖွဖွ ထိတွေ့ကြည့်နေရင်းမှ ရုတ်တရက် ပွင့်ဟလာသည့် လှိုင်း၏ မျက်ဝန်းညိုများကြောင့် မာန်သည် လက်ကို စက္ကန့်မလပ်ဘဲ ပြန်ရုတ်လိုက်ကာ ငေါက်ခနဲ ထထိုင်လိုက်မိသည် ... ရှက်စရာ ကောင်းလိုက်တာ။

"ကိုရိပ် နိုးနေပြီလား။"

"နိုးလို့ ငုတ်တုတ်ထိုင်နေတာပေါ့။"

လမင်းခြေသံ { Completed }Where stories live. Discover now