အပိုင်း {၄၉} (UNICODE)

490 30 2
                                    

ကြည်နူးပျော်ရွှင်မှုတို့ဖြင့် နိုးထလာရသော မနက်ခင်း၌ မာန့်စိတ်တို့ ကြည်လင်နေသည်မှာ သာယာသော ရာသီဥတုကြောင့်တော့ ဖြစ်မည် မထင်ပါ။ ဘေးနား မှေးစက်နေသော ဖြစ်တည်မှုကြောင့်သာ စိတ်အစဉ်တို့၌ စိတ်ရှုပ်စရာဟူ၍ ဘာမှ မရှိသည် ဖြစ်မည်။ ပုံမှန် စောစောထတတ်သူက ယခုကျမှ အိပ်မောကျနေသည်မှာ ဖြူစင် အပြစ်ကင်းလွန်းနေသော်လည်း နှုတ်ခမ်းထောင့်၌ မြင်တွေ့နေရသည့် ဒဏ်ရာကြောင့် မာန့်ရင်ထဲ လေးလံလာရသည်။ တစ်ဆက်တည်းမှာပင် နားထဲ ကြားယောင်လာမိသည့် စကားသံတစ်ချို့နှင့်အတူ မြင်ယောင်လာမိသည့် ပါပါး၏ မျက်နှာထား။ မနေ့ညက သူ ပါပါးကို ပြောခဲ့သည်မှာ ပြောသင့်သည့် အတိုင်းအတာကို များစွာ ကျော်လွန်သွားသည်မှန်း မာန် သိပါသည်။ သို့သော် သူ့စိတ်ကို သူ မထိန်းနိုင်ခဲ့။

ရင်ထဲ လေးလံသော အစိုင်အခဲတစ်ခု တိုးဝင်နေရာယူလိုက်သကဲ့သို့ အသက်ရှူရကျပ်လာသဖြင့် မာန်သည် အတွေးစတို့ကို မြန်မြန် ဖြတ်တောက်ကာ ဘေးနား မှေးစက်နေသည့် လှိုင်း၏ နဖူးမို့မို့လေးအား မထိတထိ ငုံ့နမ်းလိုက်မိသည်။ ထိုအခါ အိပ်မောကျနေသူကို မရည်ရွယ်သော်လည်း နှိုးလိုက်မိသလို ဖြစ်သွားသဖြင့် မျက်မှန်ကင်းလွတ်နေသော မျက်လုံးများက အိပ်မှုန်စုံမွှားဟန်ပန်ဖြင့် ပွင့်လာလေသည်။

"အင် ..ကိုရိပ် နိုးနေပြီလား။"

"အင်း နိုးနေပြီ။"

"ဆောရီး ကိုရိပ် ..ကျွန်တော်ညက တော်တော်နဲ့ အိပ်မရတာနဲ့ အိပ်ရာထနောက်ကျသွားတယ်။ ကိုရိပ် ဗိုက်ဆာနေပြီလား။ ကျွန်တော် မနက်စာ သွားပြင်ပေးမယ်နော်။"

ပြောရင်း သူ၏ ကြိုးတပ်မျက်မှန်ကို မမြင်မစမ်း လိုက်စမ်းနေသည်မို့ မာန်ကပဲ ခေါင်းရင်းရှိ မျက်မှန်ကို ယူပေးပြီး ကိုယ်တိုင်ကိုယ်ကျ တပ်ပေးလိုက်ရသည်။ သည်မျက်မှန်လေးသည် မနှစ်ကမှ လှိုင်းမျက်စိသွားစမ်းချိန်တွင် မာန် အသစ် ဝယ်ပေးလိုက်ရသည့် မျက်မှန်လေး ဖြစ်၏။ ထိုစဉ်အခါကလည်း လှိုင်းသံစဉ်ဟူသည် "မလိုဘူး ကိုရိပ် ..မှန်လဲလိုက်ရင် ရပြီ" ဟု အကြောက်အကန် ငြင်းဆန်နေသဖြင့် မာန်သည်လည်း မာန်ရိပ်မော် ပီသစွာဖြင့် ဖိဟောက်လိုက်ကာမှ မာန့်ကို ပြန်ချော့ရင်း မျက်မှန်ကိုင်းအသစ် ဝယ်ပေးသည်ကို လက်ခံသည်။

လမင်းခြေသံ { Completed }Where stories live. Discover now