အပိုင်း {၂၂} (UNICODE)

425 27 3
                                    

တစ်ညလုံး မာန် တစ်ယောက်တည်း အလုပ်ရှုပ်နေရသည်။ အဖျားမကျသေးသည့် လှိုင်းကြောင့် မာန့်မှာ နဖူးပေါ် ရေနွေးဝတ် တင်လိုက် ၊ ရေပတ်တိုက်ပေးလိုက်နှင့် အိပ်ချင်စိတ်ပင် ဘယ်ဆီဘယ်ဝယ် ရှောင်ပြေးနေသည် မပြောတတ်။ မိုးလင်းခါနီးမှ အဖျားကျသွားသဖြင့် မာန်လည်း ထိုအခါမှသာ စိတ်သက်သာရာ ရသွားရကာ စာရေးစားပွဲ၌ သွားထိုင်ရင်း မလှမ်းမကမ်းရှိ လှိုင်းအား ငေးမောကြည့်နေမိသည်။ မိနစ်ပေါင်းများစွာ လွန်သွားသည်အထိ မာန် မငြီးမငွေ့ စိုက်ကြည့်နေမိသည့် လူသားလေးသည် မာန်ရိပ်မော်အတွက် အရာရာ ဖြစ်၏။ 'ကိုရိပ်' ဟူသည့် ခေါ်သံအစ ထိတွေ့မိချိန်တိုင်း အသိစိတ် ကင်းမဲ့စေသော နှုတ်ခမ်းပါးများအဆုံး လှိုင်းသံစဥ်နှင့် ပတ်သက်သမျှ အရာ ဆိုလျှင် မည်မျှ သေးနုပ်နေပါစေ ၊ မာန့်အတွက်တော့ ယစ်မူးစေသည့် ယမကာတစ်ခွက်ကဲ့သို့ စွဲလမ်းတပ်မက်စိတ်ကို ဖြစ်ပေါ်စေသည်။

မာန်သည် လှိုင်းအား အချိန်ကာလကို မေ့လျော့သွားသည်အထိ ငေးစိုက်ကြည့်နေမိရင်းမှ ရင်ထဲ၌ အကြောင်းပြချက်မဲ့စွာဖြင့် ပြည့်ကျပ်လာသဖြင့် အကြည့်တို့ကို နှမြောတသမှုကြီးစွာဖြင့် လွှဲဖယ် ရှောင်တိမ်းလိုက်ရတော့သည်။ သည့်နောက်တွင်တော့ အပျင်းပြေသဘောမျိုးဖြင့် လှိုင်း၏ လွယ်အိတ်ကို ရှောင်တခင် ‌မွှေနှောက်လိုက်သည်။ လှိုင်းလွယ်အိတ်၏ အတွင်းဘက်၌ ပိုင်မြတ်ဘုန်းသွင်၏ ပန်းချီစာအုပ်ကို တွေ့ရာ မာန်သည် စည်းစောင့်သင့်မှန်း သိသော်လည်း သည်နောက်ပိုင်း အားလပ်ချိန်တိုင်း တကုပ်ကုပ်နှင့် ပုံဆွဲနေတတ်သည့် ဘုန်းသွင်ကို ပြန်လည် မြင်ယောင်လာမိရာ ပန်းချီစာအုပ်ကို လှန်ကြည့်လိုက်မိသည်။

စာအုပ်၏ တစ်ဝက်ကျော်သည်အထိ တောင်တန်း ၊ ကမ်းခြေ ၊ ရေတံခွန် အစရှိသည့် ရှုခင်းပုံများသာ နေရာယူထားသော်လည်း စာအုပ်နောက်နားတွင်တော့ ကလေးငယ်လေးတစ်ယောက် ၊ ပိုမိုတိကျစွာ ဆိုရလျှင် ကောင်ငယ်လေးတစ်ယောက်၏ ပုံရိပ်များကသာ ကြီးစိုးထားလေသည်။ ခဲပန်းချီ ရေးခြစ်ထားသည် ဆိုသော်လည်း ဘုန်းသွင်၏ လက်ရာကြောင့် ပုံတူပန်းချီ ဆွဲခံရသည့် မျက်ဝန်းပြာများနှင့် ကလေးငယ်၏ လှုပ်ရှားမှုတိုင်းသည် အသက်ဝင်လွန်းနေသည်။ လော်လီပေါ့လေးကို ကိုင်ကာ စိုက်ကြည့်နေသည့် ပုံများက တစ်မျိုး ၊ မျက်ရည်များ မကင်းသည့် မျက်နှာလေးကို အဓိကထားကာ ဆွဲထားသည့် ပုံများက တစ်ဖုံ တူညီသော ကောင်ငယ်လေး၏ ပုံရိပ်များကို ရှုထောင့်မျိုးစုံမှ ရေးဆွဲထားသည်မှာ မနည်းမနော။

လမင်းခြေသံ { Completed }Where stories live. Discover now