အပိုင်း {၁၇} (UNICODE)

462 28 0
                                    

သင်္ကြန်အကျနေ့

ယနေ့ကတော့ မာန် ရေပက်ခံလည်း မထွက်ဖြစ်သလို ရေလည်း ထွက်မကစားဖြစ်။ အကြောင်းမှာမူ ယမန်နေ့က ရှောင်တခင် ပျောက်သွားပြီး ယနေ့ ပြန်ရောက်လာတော့ ရှောင်တခင် ဖျားလာသည့် လှိုင်းသံစဉ်ကြောင့်ပင်။

လှိုင်းက မနက်က ၇ နာရီကျော်ကတည်းက အိမ်ပြန်ရောက်လာသည်။ အိမ်ပြန်ရောက်ရောက်ချင်း မာန့်ကို ဧည့်ခန်း၌ ရုပ်ရှင်ကြည့်နေသည်ကို တွေ့ရာ အနည်းငယ်တော့ အံ့ဩသွားဟန်ရှိသည်။

"ကိုရိပ်"

အံ့အားသင့်နေသည့် ခေါ်သံကြားသော်လည်း မာန် လှည့်မကြည့်ဘဲ စိတ်ဝင်စားစရာ မကောင်းသည့် ရုပ်ရှင်ကိုသာ အာရုံစိုက်ကြည့်နေလိုက်သည်။ သူခေါ်တိုင်း ပြန်ထူးစရာလား ... မနေ့ကတောင် မာန့်စကား နားမထောင်ဘဲ မာန့်ကို ထားခဲ့ပြီး သူ့အစ်ကိုဆီ တစ်ချိုးတည်း ပြေးသွားသေးတာပဲ။ မာန်က မာန ရှိသည့် ယောင်္ကျားတစ်ယောက် ... ထိုအညိုလုံးအား တစ်ရက် ခွဲရုံဖြင့် ဘယ်လောက်ပဲ သတိရနေပါစေ ၊ လှည့်မကြည့်ဘူးဟု စိတ်ဆုံးဖြတ်ထားသည်။

"ကိုရိပ် ..ညက မအိပ်ဘူးလား။"

ညမအိပ်သည့် အရေးလည်း သူ သိနေပြန်ပါပြီ။ ကြာလာတော့ လှိုင်းသံစဉ်ရှိရာ အရပ်၌ "ဗေဒင်ဟောသည်" ဆိုသော ဆိုင်းဘုတ်ထောင်ပေးလိုက်ချင်တော့သည်သာ။ မာန့်အလိုဆန္ဒ ရှိရှိသမျှ သူသိ ၊ မာန့်အကြောင်း အလုံးစုံ သူနားလည် ၊ မာန့်စိတ် အသေးစိတ်ကအစ သူသဘောပေါက်နေတာချည်းက တကယ် အလုပ်မဟုတ်တာ။  မေးခွန်းတစ်ခုနှင့်အတူ လှိုင်းသံစဉ်သည် ဆိုဖာ၌ ထိုင်ကာ ရုပ်ရှင်ကြည့်နေသည့် မာန့်ဘေး ဝင်နေရာယူသည်။

"ကိုရိပ် ..ကျွန်တော် ပြန်ရောက်လာပြီလေဗျာ။ ဒီဘက် လှည့်ကြည့်ပါဦး။"

ပြောပြောဆိုဆိုနှင့် မာန်၏ လက်ကို လာဆွဲသည့် အထိအတွေ့ကြောင့် မာန် ဆက်ပြီး လျစ်လျူရှုဖို့ အခွင့်မသာတော့။ မီးခဲနှင့် တို့လိုက်သည့်နှယ် ပူသွားသည့်အတွက် လှိုင်းရှိရာသို့ လှည့်ကြည့်လိုက်မိရာ တစ်ရက်ပဲ ဝေးသွားသည်ကို တစ်လလောက် မတွေ့ရသည့်နှယ် သိသိသာသာ မျက်နှာတွေ ချောင်ကျသွားသလိုပဲ။ ရီဝေနေသည့် မျက်လုံးများမှာ ဖျော့တော့နေသည့်တိုင်အောင် ခွင့်လွှတ်မှု တောင်းခံနေသည့်နှယ် တောင်းလျှိုးပန်လျှိုး ဟန်ပန်တို့မှာ ဖောဖောသီသီ ပါဝင်နေသည်။ မာန် မပြောမဆိုဖြင့် လှိုင်း၏နဖူးပေါ် လက်ဖြင့် စမ်းလိုက်မိရာ ထိတွေ့လိုက်မိသည့် အတွေ့တစ်ချက်အပြီး၌ လက်ကို ချက်ချင်း ပြန်ရုတ်လိုက်မိသည်။

လမင်းခြေသံ { Completed }Where stories live. Discover now