အပိုင်း {၃} (UNICODE)

861 50 1
                                    

ည ၇ နာရီ

"ဟာ ... ပုစွန်ဆီပြန် ..."

ကားဂိုဒေါင်မှ ပြန်အလာ ဦးသော်ကကို မစောင့်တော့ဘဲ အိမ်ထဲရှိ ထမင်းစားခန်းသို့ ဦးတည်လာသော မာန့်အား အနံ့တစ်မျိုးက ဆွဲဆောင်လာသဖြင့် ထမင်းစားပွဲဆီ အပြေးသွားလိုက်မိသည်။ ထမင်း ထည့်ပေးနေသည့် ဒေါ်ဝင်းက ပြုံးကာ စကားဆိုလာသည်။

"သား ကြိုက်တယ်ဆိုလို့လေ။ မာန် ထမင်းကောင်းကောင်း စားမယ်မလား။"

"စားမှာပေါ့ အန်တီဝင်းရဲ့ ..သားအကြိုက်ပဲဟာ။"

မာန်က အစားဂျီးများတတ်သူမို့ ဒေါ်ဝင်း၏ နေ့စဉ် တာဝန်များထဲတွင် မာန် ကြိုက်သည့် ဟင်း ပါအောင် ချက်ရသည်မှာ သမိုင်းပေးတာဝန်တစ်ခုလို အရေးကြီးသည်။ သို့သော် မာန်က သူ ကြိုက်သည့် ဟင်း ပါလျှင် ထမင်းနှစ်ပန်းကန် အနည်းဆုံး စားတတ်သူပီပီ မာန်သည် တခြား အစားဂျီးများသည့် ကလေးများကဲ့သို့ ပိန်လှီနေသည်မျိုးတော့ မဟုတ်။ ပြည့်ပြည့်ဖြိုးဖြိုး ကိုယ်ခန္ဓာသည် ရှည်လျားသော အရပ်အမောင်းနှင့် အချိုးကျကာ ကြည့်ကောင်းနေသည်။

"အန်းမားတို့ရော အန်တီဝင်း။"

မာန်က ခေါင်းကို ၃၆၀ ဒီဂရီ လှည့်ရင်း မျက်စိကစားကြည့်ရင်းမှ တိတ်ဆိတ်နေသော အိမ်ကြီးထဲ ကြားနေကျ ဒေါ်သီတာ၏ အသံကို မကြားရသဖြင့် မေးစမ်းလာသည်။

"သားရဲ့ ကောကော ညနေက လာခေါ်သွားတယ် မာန်လေးရဲ့။ ဒီနေ့နဲ့ မနက်ဖြန် အဲ့အိမ်မှာပဲ အိပ်မယ် ပြောတယ်။ သန်ဘက်ခါမှ ပြန်လာမယ်တဲ့။"

"ဘယ်တုန်းက လာသွားတာလဲ။ သားတောင် မသိလိုက်ဘူး။"

"မေမေကြီးက သားကို နောက်မှပဲ ပြောလိုက်တော့လို့ မှာသွားလို့ အန်တီဝင်း လာမပြောတာ။"

"ရပါတယ် အန်တီဝင်းရယ် ..လာခေါ်သွားတယ် ဆိုတော့လည်း ခေါ်သွားတယ်ပေါ့။ ဟာ ... ပါပါးတောင် ပြန်ရောက်လာပြီ။ ဒီမှာ အန်တီဝင်းက ပုစွန်ဆီပြန်ချက်ထားပေးတယ်။ ဒီညတော့ အပီဆွဲတော့မယ် ပါပါးရေ။"

အပြင်မှ ပြန်ရောက်ရောက်ချင်း ထမင်းစားခန်းထဲ ပါပါး ဝင်လာသည်ကို မြင်သည်နှင့် မာန်သည် ကလေးပီပီ ဟန်ဆောင်မှု ကင်းစွာ ပြောမိသည်။ တကယ်တော့ ကလေးတစ်ယောက်ကဲ့သို့ မာန်သည် လုံးလုံးလျားလျား ဟန်ဆောင်မှု ကင်းနေခြင်းတော့ မဟုတ် ... ဦးသော်က ပြန်ရောက်နေပြီမှန်း ကားမြင်လိုက်သည်နှင့် သိလိုက်ပေမဲ့ မသိချင်ယောင် ဆောင်ကာ အကယ်ဒမီရှော့လုပ်လိုက်ခြင်းပင်။ ဦးသော်က'က ခုံ၌ ဝင်ထိုင်ရင်း မာန်၏ ဆံပင်ကောက်လေးများကို ထိုးဖွကာ ပြုံးသည်။ လူကြီးတစ်ယောက်၏ အပြုံးမို့ပေပဲလား မပြောတတ် ... ဦးသော်က၏ အပြုံး၌ ရင့်ကျက်မှုတို့ နေသားကျနေသည်။

လမင်းခြေသံ { Completed }Where stories live. Discover now