လွန်ခဲ့သည့် နှစ်ရက်က နန်းသော်တာ ကျောင်းသွားအပ်မည် ဆိုသဖြင့် ဖြစ်ရိုးဖြစ်စဉ်တစ်ခုအတိုင်း ဒေါ်သူဇာဝင်းက မာန့်ကိုပါ ကျောင်းလိုက်အပ်ပေးမည်ဟု ဆိုလာသည်။ သို့သော် မာန် ငြင်းဆန်လိုက်မိသည် ... လှိုင်းသံစဉ် မပါဘဲ ကျောင်းသွားမအပ်ချင်။
ကျောင်းက မနက်ဖြန် ၊ သန်ဘက် ပြန်တက်ရတော့မည်ကို ယခုချိန်အထိ သကောင့်သားလေးက ပြန်ပေါ်မလာ။ အိမ်ကိုလည်း တစ်ချက် ဖုန်းဆက်ဖော် မရ။ ဘာလဲကွာ ... ပြန်မလာရင်လည်း ဖုန်းဆက်ပြီး 'ပြန်မလာဖြစ်တော့ဘူး' ဟု တစ်ခါတည်း ပြောလိုက်တာ မဟုတ်ဘူး။ သူ ပြောသွားသည့် ၃ လက ယခု ပြည့်တော့မည်။ ဒါတောင် ယခုချိန်ထိ သူနှင့် ပတ်သက်၍ သတင်းအစအန တစ်ခုပင် မရသေး။
သူ့အဖေ ဦးဌေးကြည်ကိုတော့ မာန် လာသွားကြောင်း ဖုန်းပြောလျှင် ထည့်ပြောရန် မှာခဲ့ပေမဲ့ အသိစိတ် မကပ်သည့် ထိုလူကြီးသည် မာန့်အမှာစကားကို သတိမှ ရပါ့မလား မပြောတတ်။ အကယ်၍ ဦးဌေးကြည်ဘက်မှ လှိုင်းကို ထိုအကြောင်း ပြောခဲ့လျှင် မာန်၏ အိမ်ဖုန်းနံပါတ်ကို အလွတ်ရနေသည့် လှိုင်းက ဖုန်းဆက်မည်မှာ အသေအချာပင်။ စဉ်းစားကြည့်ပြန်တော့ သူ့အဖေက ဘာမှ မပြောရင်တောင် လှိုင်းဘက်က မာန့်အိမ်ကို ဖုန်းဆက်လို့ ရနေတာပဲ။ ဘာကြောင့်များ တစ်ခါမှ ဖုန်းမဆက်တာပါလိမ့်။
ယနေ့က ကျောင်းအပ်ရန် နောက်ဆုံးနေ့ ... မာန် လှိုင်းကို စောင့်သည်။ သို့သော် ပြန်ပေါ်မလာသည့်အဆုံး မနက်ကတင် ဒေါ်သူဇာဝင်းနှင့်အတူ ကျောင်းသွားအပ်ခဲ့ရသည််။ ကျောင်းသွားအပ်တော့ ၉ တန်းနှစ်က မာန်တို့၏ အတန်းပိုင်ဆရာမက သူမ၏ မြန်မာစာ ဘာသာရပ်၌ စာစီစာကုံးပြိုင်ပွဲများတွင် ဆုများ ဆွတ်ခူးနိုင်သည်အထိ ထူးချွန်လှသည့် တပည့်ကျော် လှိုင်းကို သတိတရ မေးနေရှာသေးသည်။
"မာန် ..လှိုင်းရော ကျောင်းလာမအပ်ဘူးလား။ တီချယ် သူ့ကို မတွေ့သေးလို့။"
ကျောင်းတုန်းကလည်း တစ်နေ့ တစ်နေ့ တစ်လှိုင်းထဲ လှိုင်းနေတတ်သည့် ဆရာမ၏ အမေးသည် မာန့်အတွက် ကတ္တရာစေးနှင့် တူသည်။ မာန့်ကို ဆွံ့အသွားစေရန် အချိန်တိုအတွင်း စွမ်းဆောင်နိုင်သည်။ ဆရာမကို "ကျွန်တော်လည်း သူနဲ့အဆက်အသွယ် မရလို့ သေချာတော့ မသိဘူး တီချယ်" ဟူ၍သာ ဆိုပြီး အိမ်ပြန်လာလိုက်ရသည်။
YOU ARE READING
လမင်းခြေသံ { Completed }